ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဆဲဗင်းဇူလိုင်တွင် တာဝန်လွှဲမည်

0
489

ဇွန်လ ၂၀ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအရ တက်လာသည့် ထားဝယ် ခရိုင်ကျောင်းသားများသမဂ္ဂ အလုပ်အမှု ဆောင်အဖွဲ့ကို ဇူလိုင်လ ၇ ရက်တွင် တာဝန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ယင်း ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့သည် ဇူလိုင်လတွင် တာဝန်ကုန်ဆုံးမည်ဖြစ်သည်။

အလုပ်အမှုဆောင် တာဝန်လွှဲပြောင်း ခြင်းကို ၅၇ နှစ်ကြိမ်မြောက် ဆဲဗင်းဇူလိုင် အခမ်းအနားနှင့် တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း လက်ရှိ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသော်လွင်အောင်က ပြောသည်။

ယင်းရွေးကောက်ပွဲတွင် ထားဝယ် ခရိုင်ရှိ အဆင့်မြင့်ပညာဦးစီးဌာနအောက် တက္ကသိုလ်၊ ကောလိပ်လေးခုမှ ကျောင်းသားလေးဦးက ၀င်ရောက်အရွေးချယ်ခံခဲ့ပြီး ယင်းကျောင်းလေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးဆယ်ဦးက မဲပေးခဲ့ကြကြောင်း ကိုသော်လွင်အောင်က ပြောသည်။

မဲအများဆုံးရသည့် နည်းပညာ တက္ကသိုလ်(ထားဝယ်)မှ ကိုမျိုးမင်းဦးက ယင်းသမဂ္ဂဥက္ကဋ္ဌဖြစ်လာမည်ဖြစ်ပြီး ဒုတိယ မဲအများဆုံး ရသည့် ထားဝယ် တက္ကသိုလ်မှ ကိုကျော်ရဲသူက အတွင်း ရေးမှူး၊ တတိယ မဲအများဆုံးရသည့် ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) မှ ကိုဇင်ဘိုဟိန်းတို့က ဘဏ္ဍာရေးမှူးတာဝန် ယူကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအရွေးချယ်ခံထားရသည့် အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ထားဝယ် ခရိုင်ကျောင်းသားများသမဂ္ဂ အခြေခံဥပဒေ ၏ အားနည်းချက်အချို့ကို ပြန်လည်ပြင် ဆင်ခြင်း၊ နှစ်စဉ်လုပ်နေကျ လှုပ်ရှားမှုများ၊ တိုင်းအဆင့် ဖက်ဒရယ်ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲဖြစ်မြောက်ရေးစသည် တို့ကို လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဥက္ကဋ္ဌဖြစ်လာမည့် ကိုမျိုးမင်းဦးက ပြောသည်။

ယင်းအပြင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဖန်တီးထားသည့် ပရော ဂျက်ပြပွဲ၊ အမျိုးသားပညာရေးဥပဒေ၊ ဖက်ဒရယ်ပညာရေးနှင့် ကျောင်းသားများ သမဂ္ဂအကြောင်းကို ခရိုင်အတွင်းရှိ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ ပိုမိုသိရှိလာစေရန် အလုပ်ရုံဆွေးနွေးပွဲများ ဖြစ်လာစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ ကို  ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

Dawei Watch