ဟိန္ဒားသတ္တုမိုင်း သက်တမ်းတိုးမည့် ကိစ္စ တတိယအဖွဲ့အစည်း၏ အကြံပြုချက်အတိုင်း လုပ်ဆောင်ပြီးမှသာ လုပ်ခွင့်ပြုရန် တိုင်းအစိုးရ မှတ်ချက်ပေး

0
545

ဟိန္ဒားသတ္တုတွင်းတွင် ထုတ်လုပ် ခွင့်ပြုထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ်ခွင့်သက်တမ်းတိုးမည့်ကိစ္စနှင့် ပတ်သက်၍ တတိယအဖွဲ့အစည်း၏ အကြံပြုချက်အတိုင်း ကုမ္ပဏီကလုပ် ဆောင်ပြီးမှသာ ခွင့်ပြုသင့်ကြောင်း တိုင်း အစိုးရက ပြည်ထောင်စုအစိုးရထံ သဘောထား မှတ်ချက်ပေးခဲ့သည်ဟု တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိန်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။

ဟိန္ဒားသတ္တုမိုင်း ကွင်းဆင်း စစ်ဆေး မည့် တတိယအဖွဲ့အစည်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အဖွဲ့တွင် သတ္တုတွင်းမှ ၀န်ထမ်းနှင့် အငြိမ်းစားဝန်ထမ်း(ပညာရှင်) ၆ ဦးပါဝင်ပြီး မတ်လအတွင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါ တတိယအဖွဲ့အစည်းက ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို တင်ပြခဲ့ကြောင်း ၀န်ကြီး ဦးလှထွေးက ဆိုသည်။

“တတိယအဖွဲ့အစည်းရဲ့ အကြံပြု ချက်ပါအတိုင်း ဆောင်ရွက်ပြီးမှသာ ခွင့်ပြုမည်ဆိုပါက ကန့်ကွက်ရန်မရှိပါ ကြောင်းဆိုပြီး သဘောထားပေးလိုက် တယ်”ဟု ၎င်းက ပြောသည်။

အထက်ပါ တတိယအဖွဲ့အစည်းက မြောင်းပြိုချောင်းအတွင်း တည်ဆောက် ထားသည့် နှုန်းစစ်ကန်ငါးခုကို အမြန်ဆုံး ဖယ်ရှားရန်၊ တိုင်းအစိုးရအဖွဲ့ရကြီးကြပ် ကွပ်ကဲမှုဖြင့် လုပ်ငန်းဆောင်ရွက်မည့် နေရာဒေသတွင် နေထိုင်သည့် ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် သဘောထားများ ကို ရယူဆောင်ရွက်ရန် အစရှိသည့် အချက် ၁၆ ချက်ကို အကြံပြုထားည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက ဟိန္ဒား သတ္တုလုပ်ကွက်ဧရိယာ ၂၁၀၅ ဒသမ ၆၀ ဧကတွင် ထုတ်လုပ်ခွင့်ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်တိတိ လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လကုန်အထိ ၅ နှစ်တိတိလည်းကောင်း ထုတ်လုပ်ခွင့် ရရှိထားခဲ့သည်။

လက်ရှိတွင် သက်တမ်းကုန်ဆုံးပြီ ဖြစ်သည့်အတွက် နောက်ထပ် ၅ နှစ်သက် တမ်းအတွက် တိုင်းအစိုးရက ယင်းကဲ့သို့ သဘောထားမှတ်ချက် ပေးခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးဦးလှထွေးက ပြောသည်။

တိုင်းအစိုးရ၏ သဘောထားမှတ် ချက်ကို ဇွန်လ ၁၂ ရက်က ပြည်ထောင်စု အစိုးရထံ ပေးပို့ခဲ့ကြောင်း ဦးလှထွေးက ဆိုသည်။

ကုမ္ပဏီက ပြည်ထောင်စုအစိုးရထံ နောက်ထပ်ထုတ်လုပ်ခွင့် ချထားပေးရန် တင်ပြခဲ့ရာ ပြည်ထောင်စုမှ တိုင်းအစိုးရ အဖွဲ့ထံ သဘောထားမှတ်ချက် တောင်းခံသဖြင့်  တင်ဒါစနစ်ဖြင့်သာ ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက်ပေး ခဲ့သည်ဟု ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်း ၀န်ကြီးချုပ်ဦးမြင့်မောင် သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ပြောဆိုထားသည်။

ဟိန္ဒားသတ္တုမိုင်းနှင့် ပတ်သက်၍ တတိယအဖွဲ့အစည်းဖွဲ့ကာ ကွင်းဆင်း စစ်ဆေးခဲ့သည်ကို မသိရကြောင်း ဟိန္ဒား သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင် ဖြစ်သည့် မြောင်းပြိုရွာသား ဦးရဲအောင်က ပြောသည်။

“(အကြံပြုချက်) ပြန်လုပ်တယ်ဆို တာက ဘယ်အတိုင်းအတာအထိ ပြန်လုပ်မှာလဲ၊ နဂိုမူလအတိုင်းလား၊ ဒါမှမဟုတ် ရင် သူတို့လုပ်နေကျ သမားရိုးကျအတိုင်း လုပ်တယ်ဆိုတာလောက် အကောင် အထည်ဖော်ပြဖို့လားပေါ့”ဟု ဦးရဲအောင်က ဆိုသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ် ခွင့်သက်တမ်းမှာ ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ၏ ထုတ်လုပ် ခွင့်သက်တမ်း ကုန်ဆုံးပါက ထပ်မံသက်တမ်း တိုးပေးခြင်းကို ရပ်နားထားရန် သတ္တုတွင်း တစ်ဝိုက်တွင်နေထိုင်သည့် ရွာ ၃ ရွာမှ ဒေသခံ ၈၀ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ ပြည်ထောင်စု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံ မေလ ၂၀ ရက်တွင် တောင်းဆိုထားသည်။

ဥပဒေအရ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့်ကို ပြည်ထောင်စုက ချထားပေးခြင်း ဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီသည် စည်းကမ်းပျက် သတ္တုထုတ်မှုကြောင့် ယခုအစိုးရ လက်ထက်တွင် သတ္တုထုတ်ခွင့် မကြာခဏ ရပ်ဆိုင်းခံခဲ့ရသည်။

Dawei Watch