အစိမ်းရောင်လက်သေးသေးလေးများ

0
1000

ဟိုနားဒီနား ဟိုဟိုဒီဒီ တစ်နိုင်ငံလုံး အနှံ့ သစ်ပင်တွေ စိုက်ကြတယ်။

အပင်တွေစိုက်ဖို့ စီမံကိန်းတွေ ရေးဆွဲ ကြတယ်။ အကောင်အထည် ဖော်ကြ တယ်။ ရာသီဥတုက အရမ်းပူလာပြီလေ။ မိုးတွင်းကြီး မိုးရွာနေရင်း ပူစပ်ပူလောင် ကြီး ဖြစ်နေတဲ့ ခံစားချက်ချက်ကို ဘယ်သူ မှ မနှစ်မြို့နိုင်ဘူး မဟုတ်လား။

သစ်ပင်တွေစိုက်ကြတာ သိပ်ကို ကောင်းပါတယ်။ စိုက်ဖို့ စိတ်ကူးရှိကြတာ ပိုလို့ ကောင်းလှပါတယ်။ အဲလိုစိတ်ကူး လေးတွေ ပေါ်ပေါက်လာတဲ့ နှလုံးသား ရှိသူတွေမို့ ပိုလို့တောင် ကြည်နူးစရာ ကောင်းလှပါတယ်။ ရပ်ရွာ မြို့နယ် ပြည်နယ် အလိုက် အသင်းအဖွဲ့လေးတွေ ဒါမှမဟုတ် တစ်ဦးချင်းသော်လည်း ကောင်း စိုက်ကြပျိုးကြတယ်။ အစည်း အဝေးလေးတွေ လုပ်ကြတယ်။ အကြံ ဥာဏ်တွေ ပေးကြတယ်။ မိမိရပ်ရွာဒေသ ကို ပိုတိုးတက် ပိုကောင်း စေချင်တဲ့အထဲ မှာ လူငယ်လူရွယ်လေးတွေလည်း တကယ့် ကို အများကြီးမို့ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကလည်း သိပ်ကို အရေးကြီးပါတယ်။ လူငယ်တွေရဲ့ စိတ်ကူး အကြံဥာဏ် တွေဟာလည်း အနာဂတ်မှာ ဘယ်လိုအရေး ပါ ပုံဖော်ဆောင် ရွက်နိုင်မလဲဆိုတာလည်း ခေါင်းဆောင်ကောင်းတွေရဲ့ သင်ကြားမှု နေရာပေးမှုတွေကလည်း အရေးပါ လွန်းလှပါတယ်။

ကျောင်းတက်ခေါင်းလောင်းသံ ကြောင့် အပြေးအလွှား စာသင်ခန်းထဲ ၀င်ပြေးကြရတယ်။ မုန့်ဈေးဆိုင်မှာ အမြန်မုန့် ၀ယ်ကြရတယ်။ ဆော့လက်စ သရေကွင်းတွေ လက်ထဲ အမြန်စွပ်ကြရ တယ်။ ကွင်းသိုင်းထားတဲ့ ကျောင်းစိမ်း ပုဆိုးတွေ ကမန်းကတန်း ၀တ်ကြရတယ်။ စားလက်စ ဇီးထုပ်တွေ သိမ်းကြရတယ်။

ဆရာမ အတန်းထဲ မရောက်ခင်အတန်း ထဲမှာ ကျောင်းသူ/ကျောင်းသား စုံစုံလင်လင်ရောက်နေဖို့က တစ်ကျောင်း လုံးရဲ့ အသိတရားမှာ ကိန်းအောင်းနေပြီး သား ဖြစ်ပါလိမ့်မယ်။ ကျောင်းစာသင် ပညာရပ်တွေကို လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ စိတ်ဝင်စားသည် ဖြစ်စေ စိတ်မ၀င်စားသည်ဖြစ်စေ အချိန် မှန်အတန်းတက်ပြီး တစ်နှစ် တစ်တန်း အောင်ဖို့က ဘာမှန်းမသိ ဘာအတွက် မှန်းမသိ မဖြစ်မနေ လုပ်ဆောင်ကြရတဲ့  နှစ်ကာလအပိုင်းတခြားတစ်ခု ဖြစ်ခဲ့ကြ တယ်။

တချို့ ကလေးတွေက သင်္ချာချိန်မှာ ပျင်းနေမယ်၊ စိတ်တွေရှုပ်နေမယ် တွက်ချက်နိုင်တဲ့ စွမ်းရည် နည်းနေမယ်။ အဲ့တော့ သင်္ချာချိန်မှာ သူစိတ်ဝင်စားတဲ့ ပန်းချီဆွဲနေမယ်ဆိုပါစို့။ ဆရာမက ဆူမယ် ကြိမ်းမောင်းမယ် တခြား ကလေး တွေ ရှေ့မှာ အရှက်ရတဲ့ ကလေးဟာ ထောင့်ကပ်ပြီး ထိုင်တော့မယ်။ သင်္ချာချိန် ဆို အလိုလို စိတ်ညစ်လာမယ်။ အားငယ် လာမယ်။ ကြောက်စိတ်ဝင်လာမယ်။ အတန်းချိန်ဆို ကျောင်းပြေးတာတွေပါ ဖြစ်လာနိုင်တဲ့ အဆင့်ထိ တွန်းအားပေး တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တခြား ဘာသာရပ်တွေထက် သင်္ချာဘာသာရပ်မှာ အမှတ်နည်းနေတာမျိုး သင်္ချာဘာသာရပ် တစ်ခုတည်း သတ်မှတ်ထားတဲ့ အမှတ် မပြည့်မီတာမျိုးတွေ ရှိနိုင်ပါတယ်။ သင်္ချာ ဘာသာရပ်ကို အားနည်းတဲ့ကလေးဟာ သူ စိတ်ဝင်စားတဲ့ ပန်းချီပညာမှာ ထူးချွန် နေတာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။ တစ်နေ့လူငယ်တွေ ဖြစ်လာမယ့်ကလေး တွေရဲ့အနာဂတ်ဟာ သင်ကြား ပြသသူ ဆရာ ဆရာမတွေနဲ့လည်း သက်ဆိုင်နေ ပါတယ်။

ကျောင်းအုပ်ကြီးရဲ့ အမိန့်အရ လာ မယ့် စနေနေ့မှာ သစ်ပင်စိုက်ကြမယ်လို့  အမိန့်ထုတ်လိုက်တဲ့ အချိန်မှာ ကလေး တွေရဲ့ အတန်းပိုင်ဆရာ ဆရာမတွေက “သားတို့သမီးတို့ရဲ့ အိမ်ပတ်ဝန်းကျင်က ပန်းပင် ဒါမှမဟုတ် သီးပင်စားပင်လေးတွေကို ယူလာခဲ့ကြပါလို့ပဲ”ပြောမှာ သေချာ ပါတယ်။ ကလေးတွေဟာ သူတို့ကိုယ် တိုင် ဖြစ်စေ မိဘတွေရဲ့ အကူအညီနဲ့ဖြစ် စေ အပင်လေးတွေကိုင်ပြီး ကျောင်းက သတ်မှတ်ထားတဲ့ စိုက်ပျိုးမယ့်နေရာကို ရောက်လာမှာ သေချာပါတယ်။ အပင်လေး တွေစိုက်ပြီး ဓာတ်ပုံရိုက်မယ် မှတ်တမ်း တင်မယ်။ စာသင်ခန်းနံရံမှာ ကပ်ထား မယ် ဘယ်သူဘယ်ဝါ ၊ ဘယ်အဖွဲ့ဘယ် အတန်း အစသဖြင့် တစ်ကျောင်းလုံး အပင် တွေ စိုက်ကြတဲ့ ရက်သတ္တပတ်ပေါ့။ အဲ့လောက်ပါပဲ။

အပင်စိုက်တဲ့ ကလေးတွေထဲမှာ အပင်ချစ်တတ်တဲ့ ကလေးတွေပါသလား။ အပင်တွေအကြောင်းစိတ်ဝင်စားတဲ့ ကလေး တွေပါသလား။ အပင်နဲ့ ရာသီဥတု ကမ္ဘာ မြေကြီးဆက်စပ်ပုံအကြောင်း သိတဲ့ ကလေးပါသလား စသဖြင့် ဆရာ/ဆရာမ တွေအနေနဲ့ သိကိုသိသင့် ပါတယ်။ တချို့ကလေးတွေဟာ အပင်ချစ်ဖို့ နေနေ သာသာ ကလေးသဘာဝ ကျောင်းဆင်း ချိန် အိမ်ပြန်လမ်းမှာ တွေ့တဲ့ အပင်တွေ ဆွဲဖဲ့ ဆွဲချိုးနေတတ်တာမျိုးလေ။ တိရစ်္ဆာန်လေးတွေကို ပစ်ခတ်နေတာမျိုး။ လက်ကမြင်းတဲ့ အရွယ်မှာ ကောင်းတဲ့ အသိလေးတွေရော မကောင်းတဲ့ အသိတွေ ပါ အလွယ်တကူ အတုယူတတ်တဲ့ အရွယ် ပါ။ သစ်ပင်မစိုက်မနေရမို့သာ ဒါမှမဟုတ် သူတို့ရဲ့ ရီပို့ကတ်မှာ  အများနည်းတူ သတ်မှတ်ထားတဲ့ ABCDအဆင့်တွေ မရမှာစိုးလို့သာ အိမ်မှာရှိတဲ့ အပင်တွေ ယူလာစိုက်ကြတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။

အိမ်မှာမှာ ရှင်သန်နေတဲ့ အပင် တွေဟာအကြောင်း အမျိုးမျိုးကြောင့် ကျောင်းက စိုက်ပျိုးမြေမှာ ရှင်သန်ချင်မှ ရှင်သန် နိုင်တာမျိုး ဖြစ်နေနိုင်ပါတယ်။ အပင်နုတ်တဲ့ အချိန်မှာ အပင်ရဲ့ အမြစ်တွေ ထိခိုက်ခဲ့တာမျိုး၊ အပင်အရမ်းနုငယ်သေး တာမျိုး၊ ပတ်ဝန်းကျင် နေရာဒေသ မကိုက်ညီတာမျိုး၊ စိုက်ပျိုးမြေဆီလွှာ မတူညီတာမျိုး၊ စိုက်ပျိုးချိန်ရာသီဥတု ကြောင့် မရှင်သန်နိုင်တာမျိုး အစသဖြင့် အကြောင်းအရာ အမျိုးမျိုးကြောင့် ကလေးတွေရဲ့ အပင်တွေဟာ ရာနှုန်းပြည့် ရှင်သန်ဖို့ ဆိုတာ ခက်ခဲပါတယ်။

ကလေးတိုင်းကို နားလည်အောင် ရှင်းပြဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ကလေးဆိုတာလည်း သူတို့စိတ်ထဲရှိတာ လုပ်တတ်တာ မျိုးလေ။  အပင်အကြောင်း စိတ်မ၀င်စားတဲ့ ကလေးကို ဆရာ/ ဆရာမ တွေအနေနဲ့  ဘယ်လိုနည်းနဲ့ နားလည် အောင် ပြောပြမလဲ။ အပင်တွေရဲ့ အရေး ပါပုံ အရေးကြီးပုံတွေကို ဘယ်လို သင်ကြား မလဲ။ အပင်တွေနဲ့ လူသားတွေကြား ဆက်နွှယ်ရှင်သန်ပုံတွေကို ဘယ်လို မျိုး သူတို့ရဲ့ နှလုံးသားထဲကိန်းဝပ်သွားအောင် လုပ်ဆောင်မလဲဆိုတာ အရေးကြီးလှပါ တယ်။

ဥပမာ အပင်တွေကို မစိုက်ပျိုးချင်တဲ့ ကလေးတစ်ယောက်ကို အပင်တွေစိုက်ပါ ဆိုရင်  ဒီအပင်က ရှင်သန်ဖို့ ကြီးထွားဖို့ မလွယ်ကူ လှပါဘူး။ သူ့မှာ အပင်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အပင်တွေကို စောင့်ရှောက်ရမယ့်အကြောင်း အရာတွေ ကို သူမသိထားဘူး စိတ်မ၀င်စားဘူး ဆိုရင် အဆင်မပြေနိုင်ပါဘူး။ အဲဒီအစား ကလေးဟာ ဘာကိုစိတ်ဝင်စားလဲ၊ ဘာကို စိတ်ဝင်တစား ရှိလဲဆိုတာ သိဖို့ အရေးကြီး လာပါပြီ။

ခုနကပြောခဲ့တဲ့ သင်္ချာညံ့တဲ့ ကလေးပေါ့..။

ပန်းချီတွေဆွဲတာကြိုက်တဲ့ ကလေး ကို သစ်ရွက်လေးတွေ ဆွဲခိုင်းပြီး အပင် အကြောင်း ဗဟုသုတလေးတွေ သင်ကြား ပေးတာမျိုး။ အပင်တွေကို သူမစိုက်ပေမယ့် အပင်တွေအပေါ်မှာ ချစ်ခင်သွားအောင် ပြုလုပ်ပေးလို့ ရပါတယ်။ ပန်းချီလည်း မဆွဲတတ်ဘူး မြေကြီးတွေဆော့ပြီး အချိန်ကုန်နေချင်တဲ့ ကလေးဆို အပင်နဲ့ မြေကြီးတွေရဲ့ ဆက်စပ်ပုံ အကြောင်းလေး တွေ သင်ပေးတာ မျိုးပေါ့။ အများကြီး ဖန်တီးပြီး လုပ်ဆောင်လို့ ရပါတယ်။ ကလေး တွေရဲ့ စိတ်ဝင်စားမှုအပေါ် အခြေခံပြီး သင်ကြားပေးနိုင်ဖို့ အရေးကြီးလှပါတယ်။

မကြာသေးမီက ဖေ့စ်ဘုတ်မှာ ဖတ်ရတဲ့ အကြောင်းအရာလေးက အရမ်းစိတ် ၀င်စားစရာကောင်းပြီး အတုယူစရာ ကောင်းလှ ပါတယ်။

ဘာရေးထားလဲဆိုတော့ …သဘာဝ ပတ်ဝန်းကျင် လှပလာစေဖို့ “Seed Ball” လေးတွေ လုပ်ကြစို့ ဆိုတဲ့ စိတ်ဝင်စားစရာ ခေါင်းစဉ်လေးပါ ။

ကမ္ဘာနှင့်တစ်ဝှမ်း ပျက်စီးဆုံးရှုံးနေတဲ့ ဂေဟစနစ်ကြီးအကြောင်းရယ် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် အကြောင်းရယ် အပြင် Seed Ball အကြောင်းလေး ကိုပါ ဖော်ပြထားတာ အရမ်းကို စိတ်ဝင် စားစရာ ကောင်းပါတယ်။

Seed Ball သို့မဟုတ် Seed Bomb လို့ခေါ်တဲ့ ဘောလုံးသဏ္ဌာန် ရွှံ့ လုံးလေး တွေပါ။

မြန်မာ့နည်း မြန်မာ့ဟန်နဲ့  အလွယ် ပြောရမယ်ဆိုရင်တော့ လောက်စာလုံးထဲ သစ်စေ့ထည့်သွင်းထားတာ ဖြစ်တယ်။ ပန်းမန် မျိုးစေ့တွေ စိုက်မယ်ဆိုရင်တော့ ရွှံ့ စေး ၅ ဆ၊ သဘာဝမြေဆွေး ၃ ဆ၊ ပန်းမျိုးစေ့ ၁ ဆ၊ ရေအနည်းငယ် ထည့်ရပါမယ်တဲ့။

ပထမဆုံး ရွှံ့ စေးရယ် သဘာဝမြေဆွေး ရယ် နောက်တစ်ခုက ရေသင့်ရုံထည့်ပြီး သမအောင် ရောနယ်ပေးရမှာပါ။ ရွှံ့ လုံးလေးတွေ အဆင်သင့် ရပြီဆိုရင်တော့ ပန်းမျိုးစေ့ထည့်ပြီး လုံးရပါမယ်။ သင့်တော်တဲ့ အရွယ်အစားရပြီဆို Seed Ball လေးတွေကို ခြောက်သွားအောင် ၂၄ နာရီမှ ၄၈ နာရီအထိ အရိပ်လည်းရ လေ၀င်လေထွက်လည်း ကောင်းမွန် တဲ့နေရာမှာ အခြောက်ခံ ထားလို့  ရပါ တယ်။ နံနက်စောစောထွက်တဲ့နေရောင် နှင့်လည်း ခြောက်သွေ့သွားအောင် လုပ်လို့ ရပါတယ်။  ဒါပေမဲ့ မြန်မြန်ခြောက်သွေ့ သွားအောင် မီးဖုတ်တာမျိုးတော့ လုပ်လို့ မရပါဘူး။

အရေးကြီးတာက ဘောလုံးအတွင်း ထည့်လိုက်တဲ့ သစ်စေ့က အညှောင့်ပေါက် လာတဲ့အခါ ဘောလုံးကိုအလွယ်တကူ ခွဲထွက်နိုင် ရပါမယ်။ သစ်စေ့ တစ်စေ့ကို ဘောလုံး တစ်လုံးနှုန်းပြုလုပ်တာထက် စာရင် ဘောလုံးတစ်လုံးမှာ သစ်စေ့ အနည်း ဆုံး ၃ စေ့ ထည့်သွင်းပြီး ပြုလုပ်တာက အညှောင့်ပေါက်လာရင် ဘောလုံးကို အလွယ်တကူ ဖောက်ထွက် နိုင်သလို အပင်ပေါက်နှုန်းလည်း ကောင်းမွန်စေပါတယ်။ အကောင်းဆုံးက ဒေသပေါက် အပင်မျိုး စိတ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒေသနှင့်ကိုက်ညီမယ့် အပင်အမျိုးအစားကို ရွေးချယ်ရပါမယ်။

အစေ့အတိုင်း သီးသန့် ကြဲပက်တာ ထက်စာရင် Seed Ball လုပ်ပြီး ကြဲပက် တာက ထိရောက်မှု ရှိသလို ပိုပြီးအောင် မြင်ပါတယ်။ အစေ့သီးသန့်ကြဲရင် အပူရှိန် ကြောင့်ဖြစ်စေ၊ လေတိုက်လို့ လွင့်စင် သွား သည်ဖြစ်စေ၊ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေတိုက်စား ခြင်းကြောင့် ဖြစ်စေ အစရှိတဲ့ သဘာဝ ဘေးဒဏ်တွေ ကြောင့် အဟန့်အတား ဖြစ်စေနိုင်သလို ငှက်တွေ၊ တောရိုင်းတိရိစ္ဆာန်ငယ်တွေရဲ့ ဖျက်ဆီး စားသောက်ခြင်းတို့ကို လည်း ဖြစ်စေနိုင်တဲ့အတွက် အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် အစေ့အားလုံး အပင်ပေါက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အစေ့သီးသန့် ကြဲပက်မယ်ဆိုရင် စိုက်ပျိုးစေလိုတဲ့ နေရာအထိ သွားရပါ မယ်။ Seed Ball လေးတွေကတော့ အဲ့လောက်ထိ သွားစရာ မလိုပါဘူး။ လောက်လေးခွနဲ့ ပစ်လွှတ်လိုက်ရုံပါပဲ။ ကလေးတွေကိုလည်း ကူညီလုပ်ကိုင်ခိုင်းလို့ ရပါတယ်။

ကလေးတွေကို အစေ့သီးသန့် ကြဲပက် ခိုင်းကြည့်ပါ စိတ်လိုလက်ရ လုပ်ချင်ကြ မှာ မဟုတ်ပါဘူး။ လောက်လေးခွနဲ့ Seed Ball လေးတွေကိုသာ ကလေး တွေလက်ထဲ ထည့်ပေးကြည့်လိုက်ပါ ပျော်ပျော်ရွှင်ရွှင်နဲ့ အားကြိုးမာန်တက် ပြုလုပ်ကြပါလိမ့်မယ်။

နောက်တစ်ချက်က ကလေးတွေ Seed Ball လေးတွေကို ပစ်ပေါက်နေရင်း ဘေးကနေ သဘာဝ ပတ်ဝန်း ကျင်အကြောင်း အပင်တွေရှိခြင်းက ဘယ်လို ဘယ်ပုံ အကျိုးရှိစေတယ်။ အပင်တွေ မရှိခြင်းက ဘယ်လို ဆိုးကျိုး တွေ ဖြစ်စေတယ်ဆိုတာတွေကို ပြောပြလို့  ရပါတယ်။ သူတို့လေးတွေရဲ့ နှလုံးအိမ်ထဲမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်တက် တဲ့စိတ်၊ တန်ဖိုးထားတတ်တဲ့ အလေ့ အကျင့်တွေ မွေးမြူ ပျိုးထောင်ပေးလိုက် ရင် မြေပြင်မှာ အပင်စိုက်ပျိုးတဲ့ လုပ်ဆောင်ချက် ပြီးမြောက်စေသကဲ့သို့ ကလေးတွေ ရဲ့ နှလုံးသားထဲကို လည်း သဘာဝပတ် ၀န်းကျင်ကို ချစ်တက်လာအောင် ပျိုးထောင် ပေးလိုက်တာ ဖြစ်တာကြောင့် အလုပ် နှစ်ခုတစ်ပြိုင်နက်ထဲ အောင်မြင်စေတဲ့ အခုလို နည်းလမ်းလေးတွေသုံးပြီး ကလေးတွေကို သင်ကြား ပေးသင့်ပါတယ်။

ကျောင်းမှန်မှန်တက် စာမခက် သလို ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးတွေ ဖြစ်ဖို့လည်း အရေးကြီးပါ တယ်။ ကလေးတွေဟာ သူတို့ဝါသနာ ပါတဲ့  အရာလေးတွေကို ကျောင်းမှာ လုပ်ခွင့်ရရင် ကျောင်းနေပျော်လာမှာ သေချာပါတယ်။

စိမ်းလန်းတဲ့ ကမ္ဘာမြေကြီးမှာ အစိမ်းရောင်နှလုံးသားလေးတွေလည်း အများကြီးရှင်သန်နေကြပါတယ်။

ကလေးတိုင်းဟာ အပင်စိုက်စရာ မလိုပါဘူး။ အပင်လေးတွေကို ချစ်တတ်ရင် ရပါပြီ။

အပင်လေးတွေချစ်တတ်တဲ့ အစိမ်းရောင်လက်သေးသေး လေးတွေကပဲ  ကျွန်တော်တို့ ကမ္ဘာမြေကြီးကို စိမ်းလန်း စေမှာ သေချာပါတယ်။         ။

ဦးဂါ