မော်လမြိုင်ကမ်းနားလမ်းတွင် အဆောက်အအုံတိုးချဲ့ဆောက်လုပ်မှု မရပ်နားပါက အရေးယူမည်ဟုဆို

0
740

မွန်ပြည်နယ် မော်လမြိုင်ကမ်းနား လမ်းရှိ မြို့မစားသောက်ဆိုင်ဘေးတွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတိုးချဲ့ ဆောက်လုပ်နေသည်ကို တားမြစ်သွား မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူ မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက ပြောသည်။

အဆိုပါ အဆောက်အအုံတိုးချဲ့ခြင်း ကိစ္စကို ပြည်နယ်အစိုးရအဖွဲ့သို့ ခွင့်ပြု ချက်တင်ထားသော်လည်း ပြည်နယ် အစိုးရမှ ခွင့်ပြုချက်တစ်စုံတစ်ရာချပေး ထားခြင်းမရှိကြောင်း ၀န်ကြီးက ပြောသည်။

“အဆောက်အအုံဆောက်ဖို့ ပြည်နယ် အစိုးရက ခွင့်ပြုချက်မပေးထားပါဘူး တားမြစ်စာထုတ်သွားမှာပါ။ တားမြစ်စာ ထုတ်ပြီး မဖျက်ဘူး ဆက်လုပ်နေမယ်ဆိုရင် ခွင့်ပြုချက်မရှိဘဲ လုပ်တာကြောင့် အရေးယူသွားမှာပါ” ဟု စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

မြို့မစားသောက်ဆိုင်နေရာသည် ယခင်က မုတ္တမဆိပ်ကမ်းသို့ သွားလာ အသုံးပြုခဲ့သည့် မြို့မတံတားနေရာတွင် တည်ရှိပြီး အဆိုပါတံတားအား အသုံးပြု မှုမရှိသည့်အတွက် ယခင်အစိုးရ လက်ထက် က စားသောက်ဆိုင်အဖြစ် အဆင့်မြှင့် တင်ခဲ့ကာ လုပ်ငန်းရှင်ကို နှစ်ရှည်အငှား ချထားခဲ့သည်။

ငှားရမ်းထားသည့်စာချုပ်စည်းမျဉ်း စည်းကမ်းအရ အဆောက်အအုံ တိုးချဲ့ပါ က စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်း ရမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ရမှသာ ဆောက်လုပ်ခွင့်ရှိ သည်ဟု စည်ပင်ဝန်ကြီးက ပြောသည်။

၎င်းအပြင် အဆိုပါနေရာသည် ဆိပ်ကမ်းအာဏာပိုင်မြေဖြစ်သည့်အတွက် ဆိပ်ကမ်းအာဏာပိုင်၏ခွင့်ပြုချက် လည်း ရယူရမည်ဖြစ်သည့်အပြင် သက်ဆိုင် ရာတို့မှ ခွင့်ပြုချက်ရရှိပြီးပါကလည်း ပြည်သူလူထုကို ချပြရှင်းလင်းရဦးမည် ဟု ၀န်ကြီးက ပြောသည်။

ပြည်သူလူထု အနားယူအပန်းဖြေ သည့် ကမ်းနားလမ်းတစ်လျှောက်တွင် အဆောက်အအုံများတည်ဆောက်လာ ခြင်းနှင့် မြေဖို့လာခြင်းအပေါ် မြို့ခံပြည်သူ လူထုအကြား ဝေဖန်လျက်ရှိသည်။

“ကမ်းနားလမ်းက မြို့ခံတွေသာမက မွန်ပြည်နယ်ကို မော်လမြိုင်ကို လာလည် တဲ့ ဧည့်သည်တွေ အထူးသဖြင့် နိုင်ငံ ခြားသားတွေ သဘောကျတဲ့နေရာ။ အဲလို နေရာကို အခုဆိုရင် အဆောက်အအုံ တွေနဲ့ အများကြီးဖြစ်လာနေတယ်။ နောင်လည်း ထပ်ချဲ့လာမယ့်သဘောရှိတယ်၊ ဒါဟာ ကမ်းနားလမ်းရဲ့အလှကို ဖျက်ဆီး နေသလို ကမ်းနားတစ်လျှောက်သာယာ လှပရေးကိုလည်း ထိခိုက်စေတယ်၊ နောက်ဆို ရေမမြင်ရတဲ့ကမ်းနားလမ်း ဖြစ်သွားမယ်”ဟု မြို့ခံတစ်ဦးဖြစ်သည့် ဦးကြည်စိုးက ပြောသည်။

အဆောက်အအုံတိုးချဲ့လုပ်ဆောင်နေခြင်းကို စည်ပင်သာယာရေးအဖွဲ့မှ တားမြစ်ထားသည့်အတွက် လုပ်ငန်းရပ် ဆိုင်းထားသည်ဟု စားသောက်ဆိုင်ပိုင်ရှင်က ဇွန်လ ၂၀ ရက်တွင် ပြောသည်။

Dawei Watch