တနင်္သာရီဝန်ကြီးချုပ်ဟောင်း ထားဝယ်ဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေး

0
491
ဒေါက်တာလဲ့လဲ့မော် လိုက်ပါလာသည့်ကားကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုဇော်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် ဇွန်လ ၁၉ ရက် မနက်ပိုင်းက ထားဝယ်ဆေးရုံကြီးတွင် ကျန်းမာရေးစစ် ဆေးခဲ့ကြောင်း အထက်ပါဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဒေါက်တာလဲ့လဲ့မော်ကို ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းထောင်ဝန်ထမ်းများအစောင့် အရှောက်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ဆေးရုံသို့ သွားရောက်ပြသခဲ့ခြင်းဖြစ်သည်။

ဆေးရုံသွားမပြမီ နှစ်ရက်အလိုဖြစ် သည့် ဇွန်လ ၁၇ ရက်တွင် တိုင်းတရားလွှတ်တော်၌ ဒေါက်တာလဲ့လဲ့မော်၏ အကျိုးဆောင်ရှေ့နေများက ၎င်းအမှုသည် ရောဂါဝေဒနာများခံစားနေရသည့် အတွက် အာမခံပေးရန် ဒုတိယအကြိမ်လျှောက်လဲခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်မှာ အမျိုးသမီး တစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်နေ သည့်အတွက် ဆေးသွင်းကုသနေရခြင်း၊ ယခင်က ခြေသလုံးရိုးနှင့် ခြေဖမိုးကျိုးခဲ့ဖူးသည့်အတွက် စတီးချောင်း ထည့်ထားရ ခြင်း၊ လက်ရှိအကျဉ်းထောင်အတွင်း ချော်လဲ သည့် အတွက် ပြန်လည်စစ်ဆေးကုသရန် လိုအပ်နေခြင်းတို့ကြောင့် အာမခံပေးရန် အကျိုးဆောင် ရှေ့နေများက လျှောက်လဲခဲ့သည်။

ထားဝယ်ဆေးရုံတွင် ဒေါက်တာ လဲ့လဲ့မော်အား ဓာတ်မှန်ရိုက်ခြင်း၊ နှလုံး စစ်ဆေးခြင်း(နဃွ) ၊ သွေးစစ်ခြင်း၊ တီဗီဓာတ်မှန်ရိုက်ခြင်းများကို နံနက် ၁၀ နာရီခန့်မှ ၁၀ နာရီ ၄၀ မိနစ်ခန့်အထိ စစ်ဆေးပေးခဲ့ကြောင်း ထားဝယ်ဆေးရုံ အုပ်ကြီး ဒေါက်တာမျိုးမင်းက ဆိုသည်။

“လူကိုတော့ အကုန်စစ်ပြီးပြီ။ ဆေး ပေးဖို့/မပေးဖို့ကျတော့ ဓာတ်ခွဲစမ်းသပ် အဖြေလေးတွေတို့၊ ဓာတ်မှန်လေးတွေ ဒီအဖြေတွေကြည့်ပြီးမှ ကျွန်တော်တို့က ဆုံးဖြတ်ချက်ချပြီးတော့မှ အထူးကုဆရာဝန် ကြီးတွေ ကြည့်ပြီးတော့မှ ကုသမှုပေးပြီး တော့မှ အဲဒီစာအုပ်(ဆေးမှတ်တမ်း)ကို သူတို့မိသားစုဆီ ပြန်ပေးရမှာ”ဟု ဒေါက်တာမျိုးမင်းက ပြောသည်။

၎င်း၏ ခြေဖမိုးနေရာတွင် ထည့်ထား သည့် စတီးရိုးနေရာတွင် အနည်းငယ် ကျိုးနေသည့်အတွက် လှေခါးအတက် အဆင်း မလုပ်ရန် အရိုးအထူးကုဆရာဝန် ကြီးပြောဆိုထားကြောင်း ဒေါက်တာမျိုးမင်းက ဆိုသည်။

သူမတွင် သွေးတိုးအနည်းငယ်ရှိနေ ပြီး ဆီးချိုရောဂါမှာမူ ပုံမှန်အခြေအနေသာ ရှိသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ယခင်ကလည်း ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေးကို သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးများက အကျဉ်းထောင် အတွင်း ၀င်ရောက်စစ်ဆေးပေးခဲ့ဖူးသည်။

ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေး အခြေအနေအကြောင်းပြချက်ဖြင့် လျှောက်ထားခဲ့သည့် အာမခံကို ဇွန်လ ၂၄ ရက်ရုံး ချိန်းတွင် အာမခံပေး/မပေး အမိန့်ချမည် ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်အား အာမခံ ပေးရန်တွက် သူမ၏ ရှေ့နေများက တစ်ကြိမ်လျှောက်ထားခဲ့ဖူးပြီး တရားသူကြီးက အာမခံမပေးကြောင်း အမိန့်ချခဲ့ဖူးသည်။

Dawei Watch