ထားဝယ်တွင် မော်တော်ယာဉ်များ ဇူလိုင်လအတွင်း မှတ်ပုံတင်ရမည်

0
649

ထားဝယ်မြိုနယ်အတွင်းရှိ မှတ်ပုံတင် ခြင်းမရှိသေးသည့် ခရီသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ထော်လာဂျီ၊ သုံးဘီး စသည့် မော်တော်ယာဉ်အားလုံး ဇူလိုင်လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယကက) ထံမှ သိရသည်။

မော်တော်ယာဉ်ဖြင့် ခရီးသည်ပို့ ဆောင်ရေးလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရာတွင် ကော်မတီ၌ စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်းတို့ ပြုလုပ်ပြီးမှသာ ပြေးဆွဲခွင့်ရှိ သည်ဟု တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးနည်းဥပဒေများတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ် ရေးကော်မတီ၏ ညွှန်ကြားချက်အရ ယင်းကဲ့သို့ မော်တော်ယာဉ်များကို မှတ်ပုံတင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ်  ယကက အတွင်းရေးမှူး ဦးချိုသိဏ်းက ပြောသည်။

“လတ်တလောတော့ (ထားဝယ်မြို့ နယ်မှာ) မှတ်ပုံတင်ကာလကို ဇူလိုင်လ တစ်လလို့ သတ်မှတ်ထားတယ်။ လိုအပ်ရင်တော့ ထပ်တိုးပေးမှာပေါ့”ဟု ဦးချိုသိဏ်းက ပြောသည်။

မော်တော်ယာဉ်များအားလုံး မှတ်ပုံတင်ရန်အတွက် တနင်္သာရီတိုင်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ မြို့နယ်တိုင်းရှိ ယကကများအား ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

သတ်မှတ် မှတ်ပုံတင်ကာလကုန်ဆုံးပါ ထားဝယ်မြို့အ၀င်အထွက်လေးနေရာတွင် စစ်ဆေးကာ မှတ်ပုံတင်ခြင်းမရှိသည့် မော်တော်ယာဉ်များကို အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မှတ်ပုံတင်ကြေးကို ယာဉ်ကြီးအတွက် ကျပ် ၃၀၀၀၊ ယာဉ်လတ်အတွက် ကျပ် ၂၅၀၀ နှင့် ယာဉ်ငယ်အတွက် ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး ယင်းပမာဏများသည် တစ်နှစ်တာ မှတ်ပုံတင်ကြေးဖြစ်ကြောင်း ဦးချိုသိဏ်းက ပြောသည်။ 

Dawei Watch