မြိတ်နှင့် လောင်းလုံးကို ငှက်ဖျား ကူးစက်မှုပပျောက်ရေးဇုန်အဖြစ် သတ်မှတ်

0
726

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်နှင့် လောင်းလုံးမြို့နယ်ကို ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေးဇုန်အဖြစ် ယခုနှစ် ဆန်းပိုင်းက သတ်မှတ်လိုက်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရပကန) ထံမှသိရသည်။

အချိန်တစ်နှစ်အတွင်း မြို့နယ်၏ လူဦးရေ တစ်ထောင်လျှင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ တစ်ဦးအောက်လျော့နည်းပါက ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေးဇုန် အဖြစ်သတ်မှတ်ကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာ နန္ဒ၀င်းက ပြောသည်

၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း လောင်းလုံးမြို့နယ်တွင် ၃၉ ဦး နှင့် မြိတ်မြို့နယ်တွင် ၁၄၇ ဦးသာ ငှက်ဖျားရောဂါဖြစ်ပွားခဲ့သဖြင့် အထက်ပါအတိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီနေရာတွေမှာ ငှက်ဖျားတစ် ယောက်တွေ့ပြီဆိုတာနဲ့ ချက်ချင်းလိုက်မှာ၊ ဘာဖြစ်တာလဲ၊ ဘယ်က၀င်လာတာလဲ၊ အဲဒီနေရာမှာ ခြင်တော့ရှိမယ် ငှက်ဖျား မရှိရဘူးပေါ့”ဟု ဒေါက်တာနန္ဒ၀င်းက ပြောသည်။

တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ တစ်နှစ်လျှင် ပျမ်းမျှ ၆၀၀ ဦးခန့် ရှိနေသည်။

ငှက်ဖျားကင်းစင်သည့် မြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်သူတစ်ဦးတွေ့ပါက ယင်းဒေသရှိ ကျန်းမာရေးဝန်ထမ်းက တိုင်းရ.ပ.က.နထံ ၂၄ နာရီအတွင်းအကြောင်းကြားရမည်ဖြစ်ပြီး ရ.ပ.က.န တာဝန်ရှိသူကလည်း သုံးရက်အတွင်း ကွင်းဆင်းရကြောင်း ၎င်းက ရှင်းပြသည်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် ယင်းဒေသရှိ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို သင်တန်းများ ပို့ချပေးထားကြောင်း ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြင့် ရေဖြူမြို့နယ်တွင် တစ်ဦးသေဆုံးခဲ့ကြောင်း တိုင်း ရ.ပ.က.န ထံမှ သိရသည်။

Dawei Watch