မိုးရာသီ ထားဝယ်ခရီးသွား လုပ်ငန်းအတွက် ကျွန်းအစား ရေတံခွန်ခရီးစဉ် အစားထိုး

0
1584

မိုးရာသီ ထားဝယ်ဒေသခရီးသွား လုပ်ငန်းအတွက် ကျွန်းခရီးစဉ်အစား ရေတံခွန်ခရီးစဉ်များဖြင့် အစားထိုးပို့ဆောင်နေကြောင်း ထားဝယ်ခရီးသွားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

မိုးရာသီတွင် ကျွန်းများသို့ မသွားရောက်နိုင်သဖြင့် ရှင်ကိုးရှင်နှင့် သမိုင်းဝင် ဘုရားများသို့ သွားရာ လမ်းတစ်လျှောက်ရှိ ရေတံခွန်များ၊ သီးသန့်သွားရသည့် ရေတံခွန်များသို့ ပို့ဆောင်ပေးနေကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

“ကျွန်းနေရာမှာ ရေတံခွန်တွေ ၀င်လာ တယ်ပေါ့။ ရေတံခွန်ပုံတွေပြပြီး သူတို့သွား ချင်တဲ့ရေတံခွန်ရယ် ခရီးသွားမယ့်ရက် ရယ်တွက်ပြီး ပို့ပေးတယ်ပေါ့”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

ကမ်းခြေများကိုမူ လှေဖြင့် ပို့ဆောင် ပေးခြင်းမပြုတော့သော်လည်း ကားလမ်းမှ ပို့ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ထားဝယ်-ထီးခီး-ကန်ချနာဘူရီ (ထိုင်း)သို့ သွားရောက်လည်ပတ်ရန် ခရီး သွားများ ဆက်သွယ်မေးမြန်းလာမှုများရှိသော်လည်း ထားဝယ်-ထီးခီးလမ်းမှာ မိုးတွင်း ခရီးသွားရန် အဆင်မပြေသဖြင့် ရှင်ကိုးရှင်နှင့် ရေတံခွန်ခရီးစဉ်ကိုသာ အဓိကထား ပို့ဆောင်နေကြောင်း ရွှေနံနက်ခင်း ခရီးသွားကုမ္ပဏီ၏ မန်နေဂျာ ကိုထွန်းဝင်းက ပြောသည်။

“ထားဝယ်ကို မိုးတွင်း လာလည် နိုင်အောင် ကိုယ့်ထားဝယ်က ရေတံခွန်တွေ ကို ဖော်ထုတ်မယ်ပေါ့လေ”  ဟု ကိုထွန်းဝင်းက ပြောသည်။

Dawei Watch