ငါးမဖမ်းရကာလ ထားဝယ်ဈေးကွက် သို့ ထိုင်းငါး ၀င်ရောက်

0
1510
ဓာတ်ပုံ - ဝေယံစိုး

ငါးမဖမ်းရကာလသတ်မှတ်ထားသည့် အချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ ငါးများ ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် ထားဝယ်ဈေး ကွက်အတွင်း ၀င်ရောက်ရောင်းချခြင်းများရှိနေကြောင်း ထားဝယ်မြို့ ကမ်းနားဈေး ရှိ ငါးဒိုင်အချို့ထံမှ သိရသည်။

ယခုနှစ် ငါးမဖမ်းရကာလကို ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်လမှ သြဂုတ်လအထိ သုံးလ သတ်မှတ်ထားပြီး ယင်း ကာလအတွင်း ကမ်းဝေးငါးဖမ်းလှေများကို ငါးဖမ်းခွင့် ပိတ်ထားသည်။

ယင်းကဲ့သို့ ငါးမဖမ်းရ ကာလအတွင်း နေ့ချင်းပြန် ကမ်းနီးလှေများသာ ငါးဖမ်းဆီးနေပြီး ယင်းလှေများမှ ငါးများ သည် ထားဝယ်ဈေးကွက်အတွင်း စားသုံးရန် လုံလောက်မှုမရှိကြောင်း အထက်ပါ ငါးဒိုင်အချို့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် ထီးခီးနယ်စပ်မှ ကုန်ပစ္စည်တင်းသွင်းနေသူ ဒေသခံအချို့က ထိုင်းနိုင်ငံမှ မွေးမြူရေးငါးများ၊ နိုင်ငံခြားတင်ပို့ရန် သိမ်းထားသည့်ငါး များကို ထားဝယ်မြို့ရှိ ငါးဒိုင်အချို့သို့ ကော်မရှင်ခပေးပြီး ရောင်းချခိုင်းနေကြောင်း ထားဝယ်မြို့ရှိ ငါးဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ထားဝယ်မှာ ငါးအထွက်များနေတဲ့ အချိန်ဆိုရင်တော့ ဟို(ထိုင်းနိုင်ငံ)ဘက်ခြမ်း ကငါးတွေ ထားဝယ်ဘက်မလာဘူး။ ဒီမှာ ငါးနည်းနည်းပါးချိန်၊ ငါးဈေးနည်းနည်း မြင့်ပြီဆို ဈေးကိုက်ရင် လာရောင်းကြ တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရန်ကုန်မြို့မှ ငါးများကိုလည်း ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေရကြောင်း ၎င်းငါးဒိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိ ငါးဈေးမှာ ငါးမဖမ်းရကာလ မသတ်မှတ်ခင်ကထက် နှစ်ဆနီးပါးဈေး မြင့်တက်နေကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးတွင် ငါးရောင်းချနေသူ အချို့က ပြောသည်။

“မနှစ်ကဒီလောက်ငါးမရှားဘူး။ ဒီနှစ်မှပိုရှားတာ။ ငါးရဖို့အတွက် (ကမ်း နားဈေး)ကို အရင်က (ငါးဖမ်းရကာလ မသတ်မှတ်ခင်က) မနက်လေးနာရီမှ သွားတာ။ အခုသူများထက်ဦးအောင် (မနက်) နှစ်နာရီထိုးတာနဲ့သွားနေရတယ်။ တစ်ခါ တလေလည်း ဈေးမကိုက်ရင် ၀ယ်မရောင်းတော့ဘူး”ဟု အထက်ပါဈေးတွင် ငါးရောင်း ချနေသူ ဒေါ်မြတ်မိုးက ဆိုသည်။

ထားဝယ်ဈေးကွက်တွင် ငါးရှားပါး နေခြင်းကြောင့် ကြက်သားဝယ်လိုအား တက်လာနေပြီး ဈေးနှုန်းမှာ တစ်ပိသာလျှင် ကျပ်သုံးရာဝန်းကျင် ဈေးတက်နေကြောင်း ယင်းဈေးတွင် ကြက်သားရောင်းချ နေသူ ဒေါ်ကြည်မြင့်က ပြောသည်။

ထားဝယ်ဈေးကွက်အတွင်း ထိုင်း နိုင်ငံမှ ငါးများဝင်ရောက်ရောင်းချနေခြင်း ကို တရားဝင်ခွင့်ပြုထားခြင်းရှိမရှိ မေးမြန်း နိုင်ရန်အတွက် ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းနှင့် ထီးခီးနယ်စပ်ကုန်သည်အသင်းသို့ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပေ။

ယခင်ကလည်းထားဝယ်တွင် ငါးရှားသည့်အချိန်များတွင် ထိုင်းဘက်က ငါးများလာရောက် ရောင်းချလေ့ရှိကြောင်း ငါးဒိုင်အချို့ထံမှ သိရသည်။

Dawei Watch