လောင်းလုံးတွင် မျိုးစပါး သန့်စင်နိုင်ပြီ

0
757
မျိုးစေ့သန့်စင်စက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဌာန

လယ်သမားများ မျိုးစပါးသန့်စင်နိုင်ရန်အတွက် မျိုးသန့်စင်စက်တစ်လုံးကို ဇွန်လ ၁၉ ရက်က လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးအတွင်း တပ်ဆင်လိုက်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ယင်းမျိုးစေ့သန့်စင်စက်သည် မတူသည့် မျိုးကွဲ မျိုးရောများ၊ မျိုးအဖျင်းများ၊ မျိုးစေ့ အရွယ်အစား စသည့်တို့ကို တစ်နာရီလျှင် တင်း ၄၀ ၀န်းကျင်နှုန်း ဖြင့် သန့်စင်ပေးနိုင်ပြီး အခြားမျိုးသန့်စင်နည်းများထက် ရာနှုန်းပြည့်နီးပါး မျိုးသန့်စင်ပေးနိုင်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူးဦးနိုင်ဦးက ပြောသည်။

လတ်တလော ယင်းမျိုးသန့်စင်စက်တွင် မျိုးသန့်စင်ပါက လျှပ်စစ်မီးအသုံးပြုခနှင့် မျိုးသန့်စင်ရာတွင် ကူညီပေးမည့်သူ သုံးဦးခန့်ကိုသာ ခေါ်လာရမည်ဖြစ်ပြီး မျိုးသန့်စင်ပေးမည့်သူကို လုပ်အားခ ပေးရမည်ဖြစ်ကြောင်း ဦးနိုင်ဦးက ပြောသည်။

နောက်ပိုင်းတွင် စက်ပြုပြင်ထိန်းသိမ်း စရိတ်အတွက် လယ်သမားများ တတ်နိုင်သည့် နှုန်းထားတစ်ခုသတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တောင်သူလယ်သမားတွေက တန်းဖိုးရှိတဲ့ မျိုးထုတ်တဲ့လုပ်ငန်းတွေ တစ်ပိုင်တစ်နိုင်လုပ်စေချင်တယ်။ ပြီးတော့မှ ဒီစက်ကိုလည်း လာပြီးတော့ အသုံးပြုစေချင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းစက်ကို လက်တွေ့ သန့်စင်ပြသသည့် အချိန်တွင် အဖျင်းအမှော်များနှင့် အမျိုးအရွယ်အစား ကိုမူ သေချာစွာ သန့်စင်ပေးနိုင်သော်လည်း မျိုးရော များကို ခွဲခြားမှုအပိုင်းကို အားမရကြောင်း ယင်း မျိုးစေ့သန့်စင်စက်ဖွင့်ပွဲကို တက်ရောက်ခဲ့သည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

“ဒါပေမယ့် လယ်သမားတွေတော့ ဒီစက်ကို သွားသုံးသင့်တယ်လို့တော့ ထင်တယ်။ အခုက လယ်သမားတွေ မျိုးစပါးကို သမားရိုးကျ လုပ်နေတာ ထက်စာရင် ပေါ့လေ။ ဒီစက်ကိုသုံးရင်တော့ အရင်က ထက်တော့ မျိုးသန့်လာမယ်လို့တော့ထင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းမျိုးသန့်စင်စက်ကို လယ်သမားများ စပါးထွက်တိုးလာစေရန်နှင့် မျိုးသန့်စပါးများ ပိုမိုထုတ် လုပ်လာနိုင်စေရန်အတွက် တိုင်းအတွင်း လယ်အများဆုံးလုပ်ကိုင်ဒေသလည်းဖြစ်၊ စက်ပစ္စည်းတပ်ဆင်ရန် အဆောက်အအုံလည်း အဆင့်သင့် ရှိနေသည့် လောင်းလုံးမြို့နယ်ကို ရွေးချယ်တပ်ဆင်ခြင်းဖြစ် ကြောင်း ဦးနိုင်ဦးက ပြောသည်။

လောင်းလုံးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် တပ်ဆင်လိုက်သည့် မျိုးသန့်စင်စက်သည် တိုင်းအတွင်း ပထမဆုံး တပ်ဆင်သည့် မျိုးသန့်စင်စက် ဖြစ်ပြီး ကျပ်သိန်းလေးရာကျော် ကုန်ကျခဲ့ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

Dawei Watch