တစ်နိုင်တစ်ပိုင် မြေလွတ်၊ မြေလပ် လျှောက်ထားသူများ သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွင် စုံစမ်းနိုင်ဟုဆို

0
828

တနင်္သာရီတိုင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ရန် မြေလွတ်မြေလပ် လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)တွင် စုံစမ်းနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကငါးဆယ် အောက် လျှောက်ထားသူများအနေဖြင့် လျှောက်ထားမှုအပေါ်ဆောင်ရွက်ထားမှု အခြေအနေသိရှိနိုင်ရန် မြေစာရင်းရုံးများ တွင် စုံစမ်းရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

“အစကဆိုရင် ကိုယ်လျှောက်ထား တဲ့ လျှောက်လွှာဘယ်နားရောက်နေမှန်း မသိဘူး”ဟု ၀န်ကြီးဦးမြင့်စန်းက ဆိုသည်။

လျှောက်ထားသည့် မြေနေရာကို ကွင်းဆင်းရန်နှင့် လိုအပ်သည့်အချက်များကို လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံးထံ ဆက်သွယ်စေခြင်းဖြစ်ကြောင်း ဦးမြင့်စန်းက ဆိုသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလျှောက် ထားသူများအနေဖြင့် မြေကိစ္စအတွက် ဆက်သွယ်စုံစမ်းရာတွင် အခက်အခဲရှိပါက တိုင်းအစိုးရအဖွဲ့ရုံး၏ ဖုန်း ၀၅၉-၂၃၅၆၄ ထံသို့လည်းကောင်း၊ တိုင်းမြေ စာရင်းရုံး၏ ဖုန်း ၀၅၉-၂၁၁၂၀ ထံ ဆက်သွယ်နိုင်ကြောင်း တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

Dawei Watch