ဝန်ကြီးဌာနအသစ် တိုးမည့်ကိစ္စ တနင်္သာရီဝန်ကြီးချုပ်ထံ တရားဝင် အကြောင်းမကြားသေး

0
513

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များတွင် ၀န်ကြီးဌာနအသစ်တစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုမှ တစ်စုံတစ်ရာ ဆက်သွယ် ညွှန်ကြားလာခြင်း မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဟု အမည်ပေးထားသည့် ၀န်ကြီးဌာန အသစ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးတွင် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဇွန်လ ၂၁ ရက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှသော်လည်းကောင်း၊ ပြည် ထောင်စုအဆင့် ဌာနဆိုင်ရာတစ်ခုခုမှ သော်လည်းကောင်း ဆက်သွယ်ညွှန်ကြား မှုမရှိသေးကြောင်း တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်က ဇွန်လ ၂၂ ရက် ညနေတွင် ပြောကြားသည်။

“အဲလို(၀န်ကြီးဌာန တိုးချဲ့မည့်ကိစ္စ) ညွှန်ကြားလာတာ၊ ညွှန်ကြားစာ ရောက်လာသေးပါဘူး”ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို လက်ရှိတွင် ၀န်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းင်းတို့မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ လူမှုရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ဖြစ်သည်။

အသစ်ဖွဲ့စည်းမည်ဆိုသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနမှာ အလုပ်အကိုင် ဖန်တီးရေးကို လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုထားသည်။

Dawei Watch