ပါဝါအိတ်ဇောတပ်ပေးသည့် ၀ပ်ရှော့တစ်ခုမျှ မဖမ်းမိသေးဟု လုံ/နယ် ၀န်ကြီး ဆို

0
969
ဓာတ်ပုံ - ဝေယံစိုး

တနင်္သာရီတိုင်းအတွင်း ပါဝါအိတ်ဇောတပ်ဆင်စီးနင်းသည့် ဆိုင်ကယ်ထောင် ချီဖမ်းမိခဲ့သော်လည်း ပါဝါအိတ်ဇော တပ်ဆင်ပေးသည့် ၀ပ်ရှော့များကိုမူ တစ်ဆိုင်မျှ မဖမ်းမိသေးကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ဇွန်လ ၂၀ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ထောင်နဲ့ချီပြီးတော့မှ ပါဝါအိတ်ဇောကို ဖမ်းနေတယ်၊ တပ်ပေးတဲ့ဝပ်ရှော့ကို တစ်ခုလောက်မှ အရေးယူနိုင်ခြင်း ပိတ် သိမ်းနိုင်ခြင်းမရှိသေးပါဘူး။ အံ့သြဖွယ် တွေ့နေရပါတယ်”ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

လမ်းမပေါ်တွင် ပါဝါအိတ်ဇောတပ်ပြီး မောင်းနှင်နေခြင်းက တရားဥပဒေစိုးမိုးရေးကို ပြက်ရယ်ပြုပြီး သရော်နေသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ပါဝါအိတ်ဇောတပ်ထားသည့် ဆိုင်ကယ်ကို ဖမ်းမိပါက တပ်ဆင်ပေးသည့် ၀ပ်ရှော့ သို့မဟုတ် ရောင်းချပေး သည့် ဆိုင်ကို မေးမြန်းကာဥပဒေအရတိကျစွာအရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ပါဝါအိတ်ဇောကို ထားဝယ်မြို့ အတွင်းရှိ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်အချို့နှင့် ဆိုင်ကယ်အလှဆင်သည့် ဖန်စီပစ္စည်းအရောင်းဆိုင်အချို့တွင် ရောင်းချ နေသကဲ့သို့ လူမှုကွန်ရက်ပေါ်တွင် အရောင်း အ၀ယ်ပြုလုပ်နေသည့် အွန်လိုင်းရှော့ပင်း အချို့တွင်လည်း မှာယူကာဝယ်ယူကြ ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ပါဝါအိတ်ဇောတစ်လုံးလျှင် အနည်းဆုံး ငွေကျပ်သုံးသောင်းခွဲခန့်မှ တစ်သိန်း ၀န်းကျင်အထိ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များကို ယာဉ်ထိန်း တပ်ဖွဲ့က ဖမ်းဆီးနေသကဲ့သို့ တပ်ဆင်စီးနင်းမှု အချို့လည်း ရှိနေဆဲဖြစ်သည်။

Dawei Watch