တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း အာမခံထပ်လျှောက်၊ အာမခံ ပေး/မပေး ဇွန်လ ၂၄ ရက် အမိန့်ချမည်

0
445

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံနေရသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အာမခံပေးရန် ၎င်း၏ ရှေ့နေများက ဒုတိယအကြိမ်ထပ်လျှောက်လိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် ရုံးချိန်း က ယင်းသို့လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇွန်လ  ၁၇ ရက် ရုံးချိန်းတွင် အာမခံပေး သင့်/မပေးသင့် ဆိုသည်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်ပေး ခဲ့ကြကြောင်း တနင်္သာရီတိုင်းတရား လွှတ်တော်တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

တရားလိုဘက်က လိုက်ပါဆောင် ရွက်နေသည့် ဥပဒေအရာရှိများက လက်ရှိ အစိုးရက အဂတိလိုက်စားမှုကို မူဝါဒ တစ်ခုအနေဖြင့် ဆောင်ရွက်နေခြင်း၊ ဒေါက်တာလဲ့လဲ့မော်ကို စွဲဆိုထားသည့် အမှုမှာ အာမခံမပေးနိုင်သည့် အမှုဖြစ်ခြင်း၊ ၎င်းမှာ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ဖူးသူဖြစ်သည့်အတွက် စစ်ဆေးရန် ကျန်သည့် တရားလိုပြသက်သေများ အချို့ကို သြဇာလွှမ်းမိုးနိုင်ခြင်းတို့ကြောင့် အာမခံမပေးသင့်ဟု လျှောက်ထားခဲ့ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်၏ အကျိုးဆောင် ရှေ့နေများကမူ ဒေါက်တာလဲ့လဲ့မော်မှာ အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်နေသည့်အတွက် ဆေးသွင်းကုသနေရခြင်း၊ ယခင်က ခြေသလုံးရိုးနှင့် ခြေဖမိုး ကျိုးခဲ့ဖူးသည့်အတွက် စတီးချောင်းထည့် ထားရခြင်း၊ လက်ရှိအကျဉ်းထောင်အတွင်း ချော်လဲသည့် အတွက် ပြန်လည်စစ်ဆေး ကုသရန် လိုအပ်နေခြင်းတို့ကြောင့် အာမခံပေးရန် လျှောက်လဲခဲ့ကြောင်း ဒေါ်အေး အေးသန်းက ဆိုသည်။

ထို့အပြင် သူသည် ထားဝယ်မြို့ တွင်မိသားစုနှင့် အတည်တကျနေထိုင်သူ ဖြစ်သည့်အပြင် သက်သေများကို မလျော်သြဇာသုံးပြီး ဖျက်ဆီးရန် အကြောင်းမရှိဟု လျှောက်လဲခဲ့ကြောင်း ၎င်းက ပြောသည်။

နောက်ရုံးချိန်းကို ဇွန်လ ၂၄ ရက်ကို ပြန်ချိန်းထားပြီး ရာဇ၀တ်ကြီးမှုအမှတ် ၁/၂၀၁၉၊ ၂/၂၀၁၉၊ ၃/၂၀၁၉ အမှုသုံးခု အတွက် တရားလိုပြသက်သေကို စစ်ဆေးခြင်းနှင့် အာမခံပေး/မပေးကို အမိန့်ချမည် ဖြစ်ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

“အမှုတွေအတွက် တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်ကို စစ်ဆေး ဖို့နဲ့ အာမခံလျှောက်ထားချက်အပေါ် အမိန့်ချမှတ်ဖို့ ချိန်းဆိုထားခြင်းဖြစ် ပါတယ်”ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည့် အမှုအားလုံးတွင် တရားရုံးမှ အာမခံပေးခဲ့ဖူးသည့်အမှုတစ်မှုမျှ မရှိခဲ့ဖူးဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

“ကျွန်တော်တို့ တရားစွဲထားတဲ့အမှုတွေမှာ တရားရုံးကနေ အာမခံပေးတယ်ဆိုတဲ့ အမှုကတော့ တစ်မှုမှ မရှိပါဘူး”ဟု ဦးကျော်စိုးက ပြောသည်။

ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန်တွက် ၎င်း၏ ရှေ့နေများက တစ်ကြိမ်လျှောက်ထားခဲ့ဖူးပြီး တရားသူကြီးက အာမခံမပေးကြောင်း အမိန့်ချခဲ့ဖူးသည်။

Dawei Watch