ခေါစာ

0
2782

နေ၀င်ပြီးစ ညီအစ်ကို မသိတသိ ညရီတရောအချိန်..၊ လက်တစ်ဖက်တွင် ဓားမတစ်လက်ကိုင်၊ နောက်လက်တစ် ဖက်တွင် အမဲသားစိမ်း၊ အရက်စသော စားဖွယ်များ ထည့်ထားသည့် နှီးခေါခွက်ကို ဆွဲကာ လျှောက်လာသူကို တွေ့လျှင် နှုတ်မဆက်ပါနှင့်။

သူ ပြန်ဖြေမည် မဟုတ်ပါ။

ထိုသူသည် ရွာပြင်တစ်နေရာရာ၊ သို့မဟုတ် လူမနေသည့် ခြံတစ်ခုခု၏ သစ်ပင်ရင်းသို့ သွားလိမ့်မည်။

သစ်ကိုင်းတစ်ခုခုတွင် ခေါခွက်ကို ချိတ်လိမ့်မည်။ ခေါခွက်အတွင်းရှိ ကြက်ဥပြုတ် သို့မဟုတ် ငှက်ပျောသီးတွင် စိုက်ထားသည့် ဖယောင်းတိုင်ကို အသင့်ယူလာသည့် မီးခြစ်ဖြင့် မီးညှိလိမ့်မည်။

ဖယောင်းတိုင်မီးရောင်က ညရီတရောအချိန် တိတ်ဆိတ်အုံ့မှိုင်းနေသည့် ပတ်ဝန်းကျင်ကို ဖောက်ထွင်းနိုင်သမျှ ဖောက်လင်း လိမ့်မည်။

ခေါစာကျွေးသူသည် စိတ်ထဲမှ ဖြစ်စေ၊ နှုတ်ခမ်း လှုပ်ရုံမျှ ဖြစ်စေ ပြောလိမ့်မည်။

“ကျွေးပါ မွေးပါတယ်။ လာစား လာသောက်ကြပါ။ အိမ်က တနင်္လာသားကို ဖမ်းစားဖယ်စား(ပြုစား)ထားတာရှိရင် လွှတ်ပေးပါ။ သားငယ်မြေးငယ် နားမလည်လို့ ပြောမှားဆိုမှား ပြုမိမှားရှိရင်လည်း ခွင့်လွှတ်ပေးပါ”

ထိုသို့ခေါ်ကျွေးပြီးနောက် ပါလာသည့် ဓားမဖြင့် မြေကြီးတွင် စည်း ၃ ကြောင်း ဆွဲမည်။

“ဒီစည်းကို ကျော်ပြီး ပြန်လိုက်မလာပါနှင့်”

ခေါစာပစ်သူ အိမ်ပြန်လမ်းတွင်လည်း နှုတ်မဆက်ပါနှင့်။ စကားပြန်ပြောလိမ့် မည်မဟုတ်ပါ။

အိမ်ပြန်ရောက်လျှင် ခေါစာပစ်သူက လှေကားကို ဓားမနောက်ကျောဖြင့်ထုပြီး “ကောင်းပြီလား”(ထားဝယ်လို ကွန်းဘ္လော်)ဟု အော်ပြောလိမ့်မည်။

အိမ်ပေါ်က အိမ်သားတစ်ယောက် ယောက်က “ကောင်းပြီ”(ကွန်းဘီ) ဟု ပြန်ဖြေပါလိမ့်မည်။ ထိုသို့ လှေကားကို ဓားမနောက်ကျောဖြင့် ၃ ကြိမ်ထုပြီး အမေးအဖြေ ၃ ခါတိတိ လုပ်လိမ့်မည်။ ဒီလို အမေးအဖြေလုပ်ပြီးရင်တော့ ခေါစာပစ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။

ထိုခေါစာပစ်သည့် အိမ်ပေါ်တွင် အိမ်သားတစ်ဦးဦး နာမကျန်း ဖြစ်နေမည် မှာ သေချာပါသည်။

ခေါစာ ပစ်လေ့ရှိသူများသည် မိမိအိမ်တွင် အိမ်သားတစ်ဦးဦး နေမကောင်းဖြစ်တိုင်း ခေါစာပစ်ရမှ နေသာထိုင်သာ ရှိကြသည်။

ဆေးကောင်းဝါးကောင်း၊ ဆရာဝန် ကောင်းဖြင့် မည်မျှပင် ကြပ်မတ်ကုသနေ ပါစေ။ ခေါစာ မပစ်ရလျှင် တစ်စုံတစ်ခု လုပ်ရန်လိုအပ်နေသလိုလို၊ စိတ်ထဲ မတင်မကျ ဖြစ်နေတတ်သည်။ ခေါစာပစ်လိုက် ရမှ စိတ်ထဲထင့်နေသည့်အလုံး ကျတတ်ကြသည်။

ထားဝယ်မြို့ မြောက်ရွာရပ်ကွက်နေ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကမူ မိမိအိမ်သားများက ခေါစာပစ်သည်ကို အယုံအကြည်မရှိ၍ မလုပ်ပေးလျှင် တခြားအသိမိတ်ဆွေတစ်ဦးဦးအားအကူ အညီတောင်းကာ ပစ်ခိုင်းလေ့ရှိကြောင်း ပြောသည်။

“အိမ်မှာ အိမ်သားတစ်ယောက် ယောက် နေမကောင်းဖြစ်တာနဲ့ သေမန်းစာ (ခေါစာ)ပစ်တာပဲ။ ခေါစာလေး ပစ်လိုက်ရမှ အာသီသ ပြေသွားတာ။ ဆေးရုံမှာ တောင်မှ ခေါစာပစ်ပေးဖို့ ငှားလို့ရတယ်။ ဆရာဝန် မပစ်ခိုင်းလို့ ခိုးပြီး ပစ်ရတယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ခေါစာပစ်ရာတွင် ရပ်ရွာထဲမှ ဟောတတ်၊ တွက်တတ်သည့် လူကြီးသူမ၊ အထက်လမ်းဆရာ၊ နတ်ရှင်မ စသည်တို့ကို မေးမြန်း၍ ခေါစာပစ်တတ်ကြသည်။

ဟောသူအား နေမကောင်းဖြစ်သူ၏ မွေးရက်ကို ပြောရသည်။ ဟောသူက မည်သည့်အရပ်က ရွာသူဖမ်းစားသည်၊ အစိမ်းသရဲ ဖမ်းစားသည် စသဖြင့် တွက်ချက်ပေးကာ ကျွေးမွေးရမည့် အစား အသောက်များကို စာရွက်ဖြင့် ရေးပေးတတ်သည်။

တောင်အရပ်မှ ရွာသူ၊ စုန်းကဝေ၊ သို့မဟုတ် မကောင်းသည့်နတ်(နတ်စိမ်း)ဖမ်းစား(ပြုစား)ထားသည်ဆိုလျှင် ခေါခွက် ထဲ ငှက်ပျောသီး၊ ထမင်းဆုပ် အဖြူ ၃ ဆုတ်၊ အ၀ါ ၃ ဆုပ်၊ ကြက်ကြော် ၃ တုံး၊ မုန့် ၃ ခု၊ ကြက်ဥပြုတ် ၁ လုံး၊ ရေ ၁ ခွက်၊ ပန်းနီ ၃ ပွင့်၊ ဖြူ ၃ ပွင့် ထည့်ပြီး တောင်အရပ် တွင် ကျွေးပါဟု ရေးပေးလိုက်သည်။

သရဲ၊ အစိမ်းသေ စသည်တို့ ဖမ်းစား သည်ဟု ဟောပါက အမဲသားစိမ်း ၇ တုံး၊ အကျက် ၇ တုံး၊ အရက် ၁ ပုလင်း၊ စသဖြင့် အသားစိမ်းငါးစိမ်းနှင့် အရက်များ ကျွေးမွေးရန် ရေးပေးတတ်သည်။

လောင်းလုံးမြို့နယ် ကဘူကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဟောဆရာမ ဒေါ်လေးသန်းက လူမမာ၏ ကိုယ်ကို လက်ညှိုးဖြင့် ထောက်စမ်းကာ မည်သူ ပြုစားထားသည်ကို စမ်းသပ်ဟောပေးနေ ကြောင်း ပြောသည်။

“မယုံကြည်တဲ့သူတွေလည်း ရှိကြတယ်။ သူမယုံရင်လည်း ဘယ်တတ်နိုင်မလဲ။ သူတို့မယုံကြည်ရင် မသိရင်ကျော် သွားလိုက်၊ သိတဲ့သူစားလို့ ပြောထားပြီးသား”ဟု ဒေါ်လေးသန်းက ပြောသည်။

ဟောဆရာအတွက်မူ ရပ်ရွာဓလေ့အရ ခေတ်ခါအလိုက် လက်ဖက်ရည်ဆိုင် တစ်ခါထိုင်ဖိုးမျှ ကန်တော့တတ်ပါသည်။ တတ်နိုင်သူတို့က ထိုထက် ပိုကန်တော့ ကြပါသည်။

ထိုသို့ ဟောလျှင် အိမ်မှဝါးနှီးယူ၍ ရွာထဲမှ ခေါခွက်ရက်တတ်သူထံ သွားရက် ခိုင်းရသည်။ မြို့များတွင်မူ  ဆိုင်အချို့၌ အသင့်ရက်ပြီးသား ခေါခွက်များ ရောင်းချ နေပါသည်။

ခေါခွက်ထဲ ငှက်ပျောရွက်ခင်းကာ စားစရာများထည့်ရသည်။ ကြက်ဥပြုတ်၊ ငှက်ပျောသီးစသည့်တို့ကို အသင့်စား နိုင်ရန် အခွံနွှာပေးရသည်။ ရေခွက်ဆိုလျှင် ထုံးဘူးအရွယ် ခွက်ငယ်၊ ပရုပ်ဆီဘူးခွံဖြင့် ထည့်ရသည်။

အရက်တစ်ပုလင်းဆိုလျှင် လီပိုဘူးခွံ၊ ငမန်းဘူးခွံ စသဖြင့် ဘူးငယ်ဖြင့်ထည့်ရပြီး ကြက်သားအမဲသားတို့ကို စတိမျှ အတုံးသေးသေး တုံးရသည်။

ခေါခွက်တွင် စားစရာ သောက်စရာများ ပြင်ဆင်ပြီးလျှင် လူမမာ၏ ခေါင်း ပေါ်ဝဲ၍ ကိုးရသည်။

“လူမမာကိုယ်ပေါ်မှာ အစိမ်းသေ၊ အကျက်သေ၊ မကောင်းဆိုးဝါးများ ဖမ်းစား၊ ပြုစားထားတာရှိရင် ဒီအစားအစာကို စားပြီး ပြန်သွားတော့ပေါ့။ လူမမာကိုတော့ မိမွေးတိုင်း၊ ဖမွေးတိုင်း ထားခဲ့ပေးပါဆိုပြီး ရွတ်ပေးပြီး သွားပစ်တယ်”ဟု အထက်ပါ ထားဝယ်သူ အမျိုးသမီးက ပြောသည်။

ပြီးလျှင် အိမ်မှ ဟောဆရာ ညွှန်သည့် အရပ်သို့ သွားပစ်ရသည်။

ထိုသို့ သွားပစ်လျှင် လူနေသည့် ခြံတွင် မပစ်တတ်ကြပါ။ မည်သည့်အိမ်ရှင် မှ မိမိခြံထဲ နာနာဘာဝကို အစာလာကျွေး ခြင်းအား မနှစ်မြို့ပါ။ မိမိခြံတွင်း ခေါစာ လာပစ်ခြင်းမှာ မိမိခြံတွင် နာနာဘာဝ တစ်စုံတစ်ရာ ကပ်နေသည်ဟု လာစွပ်စွဲ ခြင်းပင်ဖြစ်သည်ဟု ရန်တွေ့ပါလိမ့်မည်။

သို့ကြောင့် လူမနေသည့်ခြံ၊ သို့မဟုတ် ရွာပြင်တွင် သွားပစ်ရသည်။

လမ်းတွင် စကားတစ်ခွန်းမျှ မပြောရ။ စကားပြောလျှင် ကိုယ်ယူလာသည့်ခေါ ခွက်နောက်သို့ ပါလာသော နာနာဘာဝက နေခဲ့ကာ အိမ်ပြန်သွားမည်ဟု အယူရှိကြ သည်။ အကြောင်းသိသူတို့က ခေါခွက် ဆွဲလာလျှင် စနောက်ကာ တမင်တကာ စကားလိုက်ပြောတတ်သည်။

ကိုယ့်ကို စိတ်ဆိုးကာ မခေါ်မပြော ဖြစ်နေသူ၊ အကယ်၍ ကိုယ်က ခေါ်ပြော စနောက်လျှင် ကက်ကက်လန် ပြန်ရန်တွေ့ မည့်သူများ ခေါခွက်ဆွဲလာလျှင် ထိုအချိန်သည် စနောက်ရန် အခွင့်ကောင်းပင်ဖြစ် နေတော့သည်။

တချို့က အိမ်သားတစ်ဦးဦး နေမကောင်းဖြစ်နေ၊ ကိုယ်တစ်ပိုင်းအေးနေလျှင် ဟောဆရာများထံ မေးမြန်ခြင်းမျိုး မပြုတော့ဘဲ မိမိ၏ အတွေ့အကြုံဖြင့် သရဲ တစ္ဆေဖမ်းစားထားသည်ဟု အတတ် ပြောကာ သရဲတစ္ဆေအစာ ကျွေးတတ်ပါသည်။

ထိုသို့ကျွေးလျှင် များသောအားဖြင့် ဘော်အိုးအဖုံးပေါ် မီးသွေး၊ ဆန်၊ ငပိ၊ ငါးခြောက်၊ ဆနွင်း စသဖြင့်ထည့်ပြီး နေမကောင်းသူ ကိုယ်ပေါ်မှာ ကိုးပြီးတော့ သွားပစ်လေ့ရှိသည်။ သရဲတစ္ဆေများ ကိုယ့်ဘာကို စိတ်ကြိုက် ချက်စားကြပါ ဆိုသည့်သဘော ဖြစ်ပါသည်။

မြိတ်မြို့၊ မြို့သစ် ရပ်ကွက်နေ အသက် ၄၁ နှစ်ရှိ မစန္ဒာက သရဲစာကို သားသမီးသုံးယောက်စလုံး အတွက်ကျွေးဖူးကြောင်း ပြောသည်။

မစန္ဒာ သရဲစာကျွေးလျှင် ချက်ပြီးသား များကိုသာ ကျွေးပါသည်။

ဘော်အိုးဖုံးပေါ်တွင် ထမင်းဖြူနှင့် အိမ်တွင်ချက်သည့် ဟင်းအကုန်လုံးကို နည်းနည်းစီထည့်ကာ ဖယောင်းတိုင်မီးညှိပြီး ကျွေးကြောင်း ပြောသည်။

“ဖမ်းစားခံရတဲ့ကလေးကို ခြေဆင်း ပေးထိုင်ပြီး လူနာရဲ့ခြေရင်းမှာ သရဲစာ ထည့်ထားတဲ့ဒန်အိုးဖုံးနဲ့ ကားတိုက်၊ ရေမြုပ်၊ မိကျောင်းကိုက်စတဲ့ အသေမျိုးစုံနဲ့သေတဲ့ အစိမ်းသေတွေကို ပင့်ဖိတ်ပြီး လိုက်လာစား ပြီးရင်ဝေးဝေးသွား နောက်တစ်ခါ လာမဖမ်းစားနဲ့တော့”စသဖြင့် ပြောဆို ကိုး၍ သွားပစ်ကြောင်း မစန္ဒာက ပြောသည်။

ကလေးများ နေမကောင်း ဖြစ်လျှင် တချို့က ကလေးသူငယ်နာကျမ်းကို ဖတ်ကာ ထိုကျမ်းစာအုပ်ပါအချက်များအတိုင်း လိုက်လံလုပ်ဆောင်ကြောင်း ပြော ကြသည်။

ကလေး ၃ ယောက်မွေးထားပြီးသော မစန္ဒာလည်း ကလေးသူငယ်နာကျမ်းကို အားကိုးယုံကြည်ပါသည်။

“ခေါစာပစ်တာက သူငယ်နာကျမ်း စာအုပ်ကြည့်ပြီး သူ့နေ့သူ့နံနဲ့ စာအုပ် ထဲမှာပါတဲ့အတိုင်း ဘယ်အရပ်မှာ ဘယ် အချိန် သွားပစ်လို့ ရေးထားတဲ့အတိုင်း လုပ်ပေးရတယ်။ ညဘက်အိပ်ရင် ကလေးက လုံးဝ ထယောင်ပြီး မငိုတော့ဘူး”ဟု ၎င်းက ပြောပါသည်။

ညနေရီတရောတွင် ခေါစာ ပစ်သူ တို့ ရှိသကဲ့သို့ ခေါစာခွက်ကို ချောင်းနေ သည့် မျက်လုံးများလည်း ရှိနေတတ် ပါသည်။

ထိုမျက်လုံးများမှာ သရဲတစ္ဆေ မကြောက်တတ်သော ကလေးနှင့် ခွေးတို့၏ မျက်လုံးများ ဖြစ်ပါသည်။ ခေါစာ ပစ်သူတို့က မိမိပစ်ခဲ့သည့် ခေါစာခွက်ကို ခွေးမဆွဲနိုင်ရေး အတန်ငယ်မြင့်သည့် ခွေးခုန်ဆွဲမမီနိုင်သည့် သစ်ကိုင်းတွင် ချိတ်ဆွဲ တတ်ပါသည်။

သရဲမကြောက်တတ်သည့် ကလေး တို့ကမူ ခေါစာပစ်သူ ထွက်ခွာပြီး မျက် ကွယ်ရောက်သည်နှင့် ခေါစာခွက်မှ မီးသေ စေရန် တုတ်ဖြင့် အရင် ပစ်တတ်ပါသည်။ မီးသေလျှင် သရဲ စားပြီးပြီဟု အယူရှိပါ သည်။ ပြီးလျှင် အဓိကအားဖြင့် ကြက်ဥကို ၀ိုင်းလု နှိုက်စားကြပါသည်။ မုန့်မှာ ဒုတိယ ပစ်မှတ်ဖြစ်ပြီး အမဲသားဆိုလျှင် တော့ တော်ရုံကလေး မစားရဲပါ။ အမဲသားက သရဲပိုကြိုက်သည်ဟု အယူရှိပါသည်။

ထိုသို့ ခေါခွက် ပစ်စားသည့်ကလေးများ ဤဘက်ကာလတွင် တွေ့ရခဲလာ ပါသည်။

ခေါစာကျွေးသူတို့ကား ရှိနေဆဲ။

“ဘိုးဘွားမိဘလက်ထက်ကတည်းက အစဉ်အဆက် လုပ်ခဲ့ကြတာလေ။ ခုလည်းသားသမီးတွေ ဖျားရင်ဆေးခန်း လည်းသွား၊ ခေါစာလည်း ပစ်တာပဲ”ဟု ကော့သောင်းမြို့၊ သီရိမြိုင်ရပ်နေ အသက် ၂၈ နှစ်အရွယ် မအေးဝင်းက ပြောသည်။

တနင်္သာရီသတင်းအဖွဲ့