နေရေးအတွက် ကြိုပြင်ခြင်း

0
680

(၁) ကျွန်တော်တို့အများစုဟာ နေ့စဉ် နဲ့အမျှ ပြင်ဆင်မှုတွေ ပြုလုပ်ကြရပါတယ်။ မနက်ဖြန်အတွက်၊ နောက်လအတွက်၊ နောက်နှစ်အတွက် စသည်အားဖြင့် ပြင် ဆင်ကြတယ်။ အပြင်သွားဖို့ ဘာဝတ် မလဲဆိုတာကို ရေမချိုးခင်ကတည်းက ကြိုတင်ပြင်ဆင်တဲ့ သေးသေးမွှားမွှား ပြင်ဆင်မှုကနေ နောက်နှစ်အတွက် ဘာလုပ်မလဲစတဲ့ ကြီးမားတဲ့ ပြင်ဆင်မှု တွေအထိ ပါဝင်ပါတယ်။ နောက်ဆုံး နောက်ဘ၀အတွက်ပါ ပြင်ဆင်ကြပါတယ်။

များသောအားဖြင့် ကျွန်တော်တို့ တစ်ဦးစီရဲ့ ပြင်ဆင်မှုဟာ ကျွန်တော်တို့ ကိုယ်တိုင်အပေါ်မှာသာ အကျိုးသက် ရောက်မှု များတာ ဖြစ်ပါတယ်။ ဒီ့ထက်ပို သွားရင်တော့ ကျွန်တော်တို့ မိသားစု ဒါမှမဟုတ် ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် သေးသေးကလေးတစ်ခု အပေါ်မှာ အကျိုးသက်ရောက်မှု ရှိကောင်း ရှိလာပါမယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အကျိုးသက်ရောက်မှုဖြစ်အောင်တော့ ကျွန်တော်တို့ ပြင်ဆင်ကြရပါတယ်။

တကယ်လို့များ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုဟာ လူ့အဖွဲ့အစည်းတစ်ခုအပေါ် ကို အကျိုးသက်ရောက်မှု ရှိစေနိုင်တယ် ဆိုရင် ပိုပြီးသတိထားပြင်ဆင်ဖို့ လိုအပ် ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ အများ အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်မယ့် အခြေခံကျတဲ့ ကိစ္စရပ်တွေမှာ မီးစင်ကြည့် ကမယ်ဆိုတဲ့ ပြင်ဆင်မှုမျိုးနဲ့သာဆိုရင် ကျွန်တော်တို့ဟာ ရေရှည်အတွက် ဘယ်လို မှ ကောင်းလာနိုင်စရာမရှိတဲ့ အကျိုးကိုသာ ရပါလိမ့်မယ်။

(၂) ဇွန်လဆန်းဆိုတော့ ကျောင်း တွေဖွင့်ပြီပေါ့။ မြိတ်-ကော့သောင်းကား လမ်းကနေ အရှေ့ဘက်ထိုင်း-မြန်မာ နယ်စပ် ပါချန်မြစ်ကမ်းပါးက ကျေးရွာ ကလေး။ ရွာကလေးရဲ့ မူလတန်းကျောင်း ကလေးက ဒီနှစ်နဲ့မှ ကျောင်းဖွင့်တာ လေးနှစ်မြောက်။ ဆီအုန်းတောတွေထဲ ဖြတ်သန်းဖောက်လုပ်ထားတဲ့ မြေသားလမ်း နီနီကလေးဟာ ဇွန်မိုးစက်တွေကြား ဗွက်တွေကို တောထနေစေတယ်။ ပြီးခဲ့တဲ့ နွေကမှ မူလတန်းဆရာအတတ်သင် သင်တန်းဆင်းလာတဲ့ ကျောင်းဆရာမ လေးနှစ်ယောက် ဒီရွာကလေးကို တာဝန် စကျတယ်။ ၀ါးထရံကာ တောတိုင် ကလေးနဲ့ ဆောက်ထားပြီး စာသင်ကျောင်း ပါလို့ ဘုရားစူးကျိန်ရမယ့်  ကျောင်းဆောင် ကလေးဟာ ဆီအုန်းပင်တွေအကြား သနားစဖွယ်။ ဒီနယ်ကို ခုမှရောက်ဖူးတဲ့ ဆရာမလေးနှစ်ယောက်ကို ကြိုမယ့် သူမရှိ။ ၀န်ထမ်းအိမ်ရာဆိုတာမျိုး ကတော့ ဒီကျောင်းလေးအတွက် မကြား ဖူးတဲ့ဝေါဟာရ။ အိမ်ခြေ ၅၀ မပြည့်တဲ့ ဒီရွာလေးမှာ အများစုက ရွှေ့ပြောင်း အလုပ်သမား မိသားစုတွေ။ ရွာသူရွာသား အားလုံးနီးပါးရဲ့ အိမ်တွေဆိုတာက တဲသာ သာ။ သားသမီး ဇနီးမယားနဲ့ ဘုစုခရုတွေ စုနေတဲ့ အဲဒီရွာကလေးမှာ ရွာလူကြီး (ဆယ်အိမ်မှူး) အပါအ၀င် ဘယ်အိမ်ကမှ ဆရာမလေး နှစ်ယောက်ကို လက်ခံထားဖို့ အဆင်မပြေတဲ့ အနေအထား။ သက်ဆိုင်ရာ အုပ်စု ဆရာမကြီးကတော့ သူ့ဆရာမနှစ် ယောက်အတွက် စိတ်မချလို့ သူ့ကျောင်းမှာ လာနေဖို့  ပြန်ခေါ်ထားလေရဲ့။

ဆရာမလေးတွေအတွက် သက်ဆိုင် ရာ ကျောင်းက နေစရာ ပြင်ဆင်ထားတာ မရှိ။ ပုံမှန်အားဖြင့် အခုလို အစိုးရက စီစဉ်ပေးထားတဲ့ ၀န်ထမ်းအိမ်ရာလိုမျိုး မရှိတဲ့ ကျေးရွာတွေမှာ ဆရာ/မတွေအတွက် နေစရာကို သက်ဆိုင်ရာ ကျေးရွာက ကြိုတင်စီစဉ်ပေးထားလေ့ ရှိတတ်ကြ တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင် ပြီး ကျောင်းအကျိုးတော်ဆောင်တွေ၊ ကျောင်းသားမိဘတွေနဲ့ ပညာရေးစိတ်ပါ ၀င်စားသူတွေစုပေါင်းပြီး ဆရာ/မတွေ နေရေးထိုင်ရေး အဆင်ပြေစေဖို့ အားတက် သရော တစ်ယောက်တစ်လက်ဝိုင်းကြတဲ့ ကျေးရွာတွေ အများကြီးတွေ့ဖူးပါရဲ့။ သို့ပေမယ့် ခုလို ဆီအုန်းတောထဲ အဆင် ပြေသလို နေထိုင်လုပ်ကိုင်စားသောက် ကြရတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်တဲ့ ကျေးရွာကလေးတွေမှာကျ အဲဒီလောက်အထိ မျှော်မှန်းဖို့ရာက သိပ် တော့လည်း လက်တွေ့မကျပြန်။ ဆိုတော့ ရောက်လာတဲ့ ဆရာ/မငယ်လေးတွေ အတွက်သာမက ပညာသင်ကြားမယ့် ကျောင်းသူ/ကျောင်းသားတွေ အတွက်ပါ ရတက်မအေးရ။ ကြိုတင်ပြင်ဆင်စရာတွေ များလွန်းတဲ့ ပညာရေးကဏ္ဍမှာ ကျောင်း တွေ အားလုံးရဲ့လိုအပ်ချက်ကို ဖြည့်ပေး နိုင်မယ့် ဘတ်ဂျက်ဆိုတာကလည်း အကန့် အသတ်တွေ များလွန်းနေပြန်သေးတယ်။

ဘာပဲဖြစ်ဖြစ် သစ်မရခင်ဝါးနဲ့ပေါင်း ကွပ်ဆိုသလို ကလေးတွေ စာသင်ရဖို့အရေး ဆရာ/မတွေ ဖုတ်ပူမီးတိုက် လှုပ်ရှား ရပြန်တယ်။ အရာရာ အဆင်သင့်မရှိတဲ့ ခုလို တောကြိုအုံကြားက ကျောင်းကလေး တွေမှာ တာဝန်ကျတဲ့ ဆရာ/မ တွေဆိုတာ သင်ကြားရေးတစ်ခုတည်းကိုသာ အာရုံ စိုက်နေလို့မရ။ အိမ်သာဆေးတဲ့ကိစ္စအထိ ပါ လက်ရောက် နိုင်ပါမှ တော်ကာကျပေမ ကိုး။ ဒီလိုနဲ့ မီးစင်ကြည့်ကရင်း စာသင်နှစ် တစ်နှစ်ကို ဖြတ်သန်းရပေဦးမယ်။ ပညာရေး ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ကြီးတည်ဆောက်ဖို့ကတော့ အခုလို ပြင် ဆင်ထားပုံမျိုးနဲ့ဆိုရင်ဖြင့် ရတက်မအေး ဖွယ်။

(၃) ခုတစ်လော ထားဝယ်ဒေသမှာ လူပြောအများဆုံးက တုပ်ကွေးကိစ္စဖြစ်တယ်။ ရွာကလူတွေ ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ အဖျားကြီးပြီး အဆစ်အမြစ်ရောင်တဲ့ တုပ်ကွေးရောဂါတစ်မျိုး။ တချို့က လည်း ဆစ်တုပ်ကွေးလို့လည်းအမျိုးမျိုးခေါ် ကြလေရဲ့။ ခြင်ကိုက်လို့ ကူးတယ် သိရ တယ်။ ပြောမှာက အဲဒီ ရောဂါအကြောင်း မဟုတ်။ ကြိုတင်ပြင် ဆင်ခြင်းအကြောင်း။ များသောအားဖြင့် ဧပြီလက နေစပြီး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလေ့ရှိ တော့ ကျန်းမာရေး ဌာနတွေက ကြိုတင် ပြင်ဆင်ရေးတွေ လုပ်လေ့ရှိကြတယ်။ သို့သော်ငြား ရေဖြူမြို့နယ် ဘ၀ါရွာဘက်ကနေ အခုမြိတ်တို့ ကော့သောင်းတို့ဘက် အထိပါ ပြန့်သွားတဲ့ ဆင်တုပ်ကွေး အတွက် တိတိပပ ပြင်ဆင်ထားတာမျိုး မရှိ။ မရှိဆို အဲဒီ ကပ်ဆိုးကလည်း သွေးလွန် တုပ်ကွေးလို ငှက်ဖျားလို ဖြစ်နေကျ မဟုတ်တော့ ကြိုတင်ပြင်ဆင်ထားမှု ဘာမျှမရှိတာ ကလည်း ဆန်းတော့မဆန်း။ ဒါပေမယ့် လူအများစုမှာဖြစ်နေပြီး ဖြစ်လိုက်ရင်လည်း အိပ်ရာထဲ လေဖြတ် သလို ဘုန်းဘုန်းလဲ ထိုင်မရ ထမရ ဆိုးဆိုးရွား ရွားကြီးဖြစ်ကြတော့ လူထုက အုန်းအုန်း ကျွတ်ကျွတ် စိတ်ပူကြတယ်။ ပူဆို ဒင်းက လည်း အတော်ဆိုးတဲ့ရောဂါကိုး။

ပြီးခဲ့တဲ့အပတ်ကစတင်ပြီး လူမှုကွန် ရက် စာမျက်နှာတွေမှာ တိုင်းအစိုးရ အဖွဲ့ကို မေတ္တာပို့သံတွေ ညံလာတယ်။ ကောင်းတဲ့ မေတ်္တာပို့ခြင်းတော့မဟုတ်။ “အဲသည်(ဆင်တုပ်ကွေး) ရောဂါအစိုးရ တစ်ဖွဲ့လုံး မဖြစ်ပါစေနဲ့ ဆုတောင်းတယ်”ဆိုတဲ့ စာသားရဲ့အသွားအလာကို ထောက်ချင့်ကြည့်ရင်ဖြင့် ဒေါသထွက် လို့ရေးတယ်လို့ ကောက်ချက်ဆွဲမိတယ်။ လူတွေ ဒီလောက်ထိ ဆိုးရွားတဲ့ရောဂါ ကြီးဖြစ်နေတာ အစိုးရအနေနဲ့ ဘာမှ မလုပ်ဘူးလား ဆိုပြီး စောဒကတက်သူတွေ ကို ခပ်စိပ်စိပ်တွေ့လာနေရတယ်။ သက်ဆိုင်ရာဌာနကလည်း သွေးလွန် တုပ်ကွေး ကာကွယ်ရေးအတွက်သာ ခြင်ဆေးဖျန်းဖို့ အစီအစဉ်ရှိကြောင်းနဲ့ အဲဒီအတွက်တောင်မှ လုံလောက်တဲ့ ငွေကြေးမရှိကြောင်း ဆိုထားတယ်။

(စကားချပ် ။      ။ သွေးလွန်တုပ် ကွေးကာကွယ်ရေးအတွက် ခြင်ဆေးဖျန်း ခြင်းသည် အဓိကမကျပါ။ ဖုန်း၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ် ဟူသည့် ကာကွယ်ရေး လုပ်ငန်း စဉ်အဆင့်ဆင့်ကို အချိန်ပေးကာ ရောဂါမဖြစ်ခင် ကြိုတင်လုပ်ဆောင်ရမည် ဖြစ်သည်။ ရောဂါကူးစက်ခံနေရ သည့် နေအိမ်နှင့်အနီးတ၀ိုက်ကို ခြင် ဆေးဖြန်းပေးရန် အကြံပြုထားခြင်းသာ ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းမှာလည်း ရောဂါမဖြစ်ပွားရန် ထိရောက်သည့် နည်းလမ်းမဟုတ်ပါ။ ခြင်ကျားပေါက် ဖွားစေသည့် ပိုးလောက်လန်းနှိမ်နင်းရေး နှင့်ရောဂါမကူးစက်စေရန် ဂရုစိုက်နေ ထိုင်ခြင်းက ပိုအဓိကကျပါသည်။ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုက များစွာအရေးကြီးပြီး ကျန်းမာရေး ဌာနတစ်ခုတည်းဖြင့်ဆောင်ရွက်ရန်မဖြစ် နိုင်ပါ။)

(၄) ပညာရေးနဲ့ လူထုကျန်းမာရေး ကဏ္ဍတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ ပုံမှန်လုပ်နေကျ လျာထား အစီအစဉ်တွေ အပြင် အရေးပေါ်အစီအစဉ်တွေပါ ရှိဖို့ လိုပါမယ်။ သက်ဆိုင်ရာ အစိုးရဌာန တွေမှာ အဲဒီလို အရေးပေါ်အစီအစဉ်တွေ ရှိမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီမှာ အရေးပေါ်လို့ပြောလို့ ရေကြီးတာ၊ တောမီးလောင်တာစတဲ့ သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွေကို မဆိုလို ပါ။ အပေါ်မှာ ပြောခဲ့တဲ့ အဖြစ်အပျက်နှစ် ခုမှာကဲ့သို့သော အရေးပေါ် အခြေအနေ ကို ဆိုလိုပါတယ်။ ကျောင်းဖွင့်ချိန်မှာ ကလေးတွေ စာမသင်ရတာက အရေးပေါ် ကိစ္စပါ။ အဲဒီလို စာသင်နိုင်ဖို့ ဆရာ/မ တွေ သွားရေးလာရေး၊ နေရေးထိုင်ရေးအဆင်ပြေပြေဖြစ်နေဖို့လိုပါတယ်။ အဲဒီလိုမဖြစ်နေရင် ဒါဟာ အရေးပေါ် ကိစ္စအဖြစ် သတ်မှတ်ဆောင်ရွက်သင့် ပါတယ်။

တိုတောင်းတဲ့ ကာလတစ်ခုအတွင်း လူအများစု နာမကျန်းဖြစ်တာကို အရေး ပေါ်ကိစ်္စအဖြစ် ရှုမြင်သင့်ပါတယ်။ ဆင်တုပ် ကွေးလိုလူအများစုကို ရက်ပေါင်းများစွာ နာမကျန်းဖြစ်စေတဲ့ ရောဂါမျိုးကို အရေးပေါ်အဖြစ် ကြေညာဆောင်ရွက် သင့်ပါတယ်။

လေမုန်တိုင်းတိုက်တာ၊ ရေကြီးတာ အစရှိတဲ့ သဘာဝဘေးအန်္တရာယ်တွေကျ ရောက်လာချိန်မှာ ဘယ်လိုတုံ့ပြန် ဆောင်ရွက်မလဲဆိုတဲ့ လုပ်ထုံးလုပ် နည်းတွေ ရှိပြီးသားဖြစ်ပါတယ်။ အဲဒီ အတွက်လည်း အစိုးရအပါအ၀င် အဖွဲ့ အစည်း အသီးသီးက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

သို့သော်ငြားအပေါ်မှာဆွေးနွေးခဲ့တဲ့ ပညာရေးနဲ့ ကျန်းမာရေးလို အရေး မျိုးကို အရေးပေါ်အဖြစ် မှတ်ယူခြင်း မရှိတာကို သတိထားမိပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကြုံလာရင်ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့ အစီအစဉ် မျိုးတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

လူထုအများအပေါ်မှာ ရေတိုဖြစ်စေ ရေရည်ဖြစ်စေ ဆိုးတဲ့အကျိုးသက်ရောက် မှုမျိုးဖြစ်လာနိုင်စရာအကြောင်းတွေကို စာရင်းချကြည့်သင့်ပါတယ်။ အဲဒီနောက် အဲသည်အဖြစ်အပျက်တွေရဲ့ မကောင်း ကျိုးတွေကို ပယ်သတ်နိုင်မယ့် ကြိုတင် ပြင်ဆင်မှုမျိုးတွေ ပြုလုပ်ဖို့လိုပါမယ်။

အောင်လွင်(ကံပေါက်သား)