ဦးဆောင်မှုပေးကြပါ

0
858

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းသို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက လာရောက်တဲ့ ခရီးစဉ်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့မှု နည်းပါး နေတာကို ထောက်ပြပြီး ပြည်သူလူထုနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ် ပေးဖို့ အလေးအနက်ထား မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

မှာကြားချက်ကို လိုက်နာပြီး အသစ်ပြောင်းလဲခဲ့တဲ့ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ တွေဟာ တိုင်းအတွင်း  ၁၀ မြို့နယ်လုံး လှည့်လည်ပြီး ပြည်သူနဲ့ တွေ့ဆုံပွဲတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိခွင့်မရတာ၊ မေးခွန်း တွေ မေးခွင့်မရတာစတဲ့ ပြဿနာအချို့ အပြင် အချို့မြို့နယ်တွေမှာ အစိုးရအဖွဲ့ မျက်နှာပျက်ကြရတဲ့ အခြေအနေတွေ၊ ကြားညှပ်မိတဲ့ အမေးနဲ့အဖြေတွေရှိခဲ့ မျက်နှာ မရခဲ့ကြတာတွေလည်း ကြားကြရပါတယ်။

သည်အစိုးရ စတက်ကတည်းက မေးလာကြတဲ့ မေးခွန်းအချို့တွေကိုပဲ ထပ်ခါ ထပ်ခါ အဖြေမရှိသလို ဖြစ်နေကြတာ ကတော့ဖြင့် ရှက်စရာကောင်းလှပါတယ်။

“အချို့ကတော့  ဒီအစိုးရသက်တမ်း သုံးနှစ်သားပဲ ရှိသေးတယ်လို့ ဖော့ပြီး ပြောကြပါတယ်။ ကျွန်မက ပြန်ဖြေလိုက် တယ်။ အမေရိကန် အစိုးရက တစ်ခါလျှင် လေးနှစ်ပဲ ပြန်အရွေးခံရပါတယ်။ အဲသည် အချိန်အတွင်း ပြည်သူတွေရဲ့ မျှော်လင့်ချက် တွေကို လုံလောက်အောင်တော့ ဖြည့်ဆည်း ပေးရပါတယ်။ သုံးနှစ်ဆိုတာကလည်း နိုင်ငံတစ်နိုင်ငံမှာ တိုးတက်မှုပြသဖို့ အချိန် နည်းလွန်းတယ်လို့ မဆိုနိုင်ပါ။ တိုးတက် မှုဆိုတာကလည်း ပြည်သူလူထုရဲ့ ဘ၀ တိုးတက်မှုနဲ့ ပြရမှာပါ”    

ဒေါ်အောင်ဆန်းစုကြည်

၈.၁၀.၂၀၁၃နေ့ထုတ်ဒီလှိုင်းဂျာနယ်ပါ ကောက်နှုတ်ချက်

အရင် အစိုးရသက်တမ်း သုံးနှစ်မှာ အတိုက်အခံအနေနဲ့ ပြောဆိုခဲ့ဖူးတဲ့ စကားပါ။  

ခု သည်အစိုးရသက်တမ်း လေးနှစ် အကျော် ရောက်လာခဲ့ပါပြီ။ ဘာတွေ ပြောင်းလဲတိုးတက် လာခဲ့ပါသလဲ။ ပြည်သူတွေရဲ့ မျှော်လင့်ချက် ပြည့်သင့်သလောက်  ပြည့်ခဲ့ကြပါပြီလား။ ခရီးရောက်သင့် သလောက် ရောက်ခဲ့ကြပြီလားဆိုတဲ့ အမေးက ရှိလာပါတယ်။

ဖြေရန်တာဝန်ရှိသူ

အဲသည်အမေးက တွေ့ဆုံပွဲတွေမယ် ပြည်သူရဲ့ အမေးများတဲ့ မေးခွန်းတွေကို ပြန်ဆန်းစစ် လေ့လာကြည့်ရင် အစိတ် အပိုင်းတစ်ခုအထိ မြင်နိုင်မှာပါပဲ။

အဲသည်အမေးတွေကိုပဲ အစိုးရ စတက်လာစဉ်ကစလို သည်နေ့သည် အချိန်အထိ ထပ်ခါထပ်ခါ မေးနေကြရရင်၊ အစိုးရကို ထောက်ကန်ပေးထားကြတဲ့ ဌာနဆိုင်ရာတွေရဲ့ အပြောင်းအလဲကို ကြည့်ရင် တိုးတက်မှုက ကျေနပ်လောက်ဖွယ်ရာ ရှိ/မရှိကို အထင်းသား မြင်နိုင်တာ အမှန်ပါပဲ။

ခက်တာက အဲသည် အမေးတွေနဲ့ အဖြေစကားတွေ အကြားမှာ ကိုယ့်လူတွေ က ဆန့်ငင် ဆန့်ငင်ခံနေကြရတယ်လို့ ဆိုရင်လည်း ခံကြရမယ့် အခြေအနေတွေ ပါပဲ။ လက်မည်းကြီးကြောင့်လို့ လက်ညှိုး ထိုးရင် ထိုး၊ ယူဂျီတွေ ရှိနေလို့ပါ ဆိုပြီး ခပ်ချေချေ ဖြေရင်ဖြေ၊ အဲသလိုမှ သူများ ခေါင်း မချရင် ကိုယ့်လူတွေ ညံ့ဖျင်းနေတာ၊ လိုအပ်ချက်တွေ ရှိနေတာ  ငြင်းလို့မရတာ အမှန်တရားပါပဲ။

အဲသည် ပြည်သူနဲ့ တွေ့ဆုံပွဲတွေက အမေးတွေကို ထပ်ခါထပ်ခါ မေး၊ ထပ်ခါ ထပ်ခါ ဖြေနေကြတာတွေဟာ အလုပ်မဟုတ် သလို အချို့ ကိစ်္စတွေက ဖြေရှင်းပြီးပါ လျက် ထပ်ခါထပ်ခါ ထပ်ထပ်ဖြေရှင်း နေကြရတာမျိုးကလည်း အလုပ်ပျက်ပါ တယ်။ ဖြေကြရမှာက နိုင်ငံရေးရာထူးဖြစ်တဲ့ ၀န်ကြီးအဆင့်က ဖြေသင့်တာမျိုး၊ ဖြေရှင်းသင့်တာမျိုးတွေဟာ သည်အောက်ခြေဘက်က ၀န်ထမ်းတွေက ထပ်ခါထပ်ခါ ဖြေနေရတာ အလုပ်အပိုသာ ဖြစ်စေလျက် စိတ်ဝန်ထုပ်ဝန်ပိုး သာ၍ပိသလို ဖြစ်နေပါတယ်။

ဝန်ထမ်းတွေ သူတို့ အလုပ်တာဝန်ကို  သူတို့ လုပ်ပါစေ။ အလုပ် လုပ်နည်း ကိုင်နည်း မှားလျှင် ဌာနဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအတိုင်း မထောက်မညှာ အရေးယူဆောင်ရွက်ဖို့သာ လိုအပ်ပါတယ်။

ဆိုပါစို့။ မကြာမတင်က လားရှိုးမှ လ၀က ၀န်ထမ်းတွေ တစ်ရုံးလုံးနီးပါးကို အဂတိကော်မရှင်က အရေးယူခဲ့သလိုမျိုး ၀န်ထမ်းမှားလျှင် အရေးယူဖို့သာ လိုအပ် ပါတယ်။ ၀န်ထမ်းသည် အဲသည်တွေ့ဆုံပွဲ တွေက အမေးအဖြေတွေအတွက် လိုက်ပါ ဖြေရှင်းနေဖို့ရာ အချိန်အပို အလျှံမရှိသလို တာဝန်လည်း မရှိပါချေ။ ဖြစ်လည်း မဖြစ် သင့်ပါ။

ဆေးရုံတွေမှာ ဆေးတွေ အခမဲ့မရ ကြောင်း အမေးကလည်း ဟိုးအရင်ကတည်းက မေးလာသည့် အမေးမျိုးဖြစ်ပြီး တစ်နိုင်ငံလုံးမှာ သည်နေ့အထိ မေးနေမြဲ၊ မေးနေဆဲ အမေးတစ်ခု။ သည့်အတွက် တာဝန်ရှိသူ ဌာနဆိုင်ရာတွေ၊ ဆေးရုံအုပ် ကြီးတွေဘက်မှ ထထရှင်းနေကြရတာ ကလည်း အလုပ်ပို သက်သက်သာ။

ဆေးရုံအတွက် လစဉ် လိုအပ်သည့် ဆေးဖိုး၊ ခြောက်လအတွက် လိုအပ်သည့် ဆေးဖိုးသည် သိန်းနှစ်ထောင်ဖိုး ကျသင့် မည့်နေရာတွင် အမှန်တကယ် ရရှိသည်က သိန်းခြောက်ရာ ဖြစ်သည် ဆိုပါစို့။ အဲသည် မလောက်မငသည့် ဘတ်ဂျက် ခွဲတမ်းနှင့် မိမိ ပြည်ထောင်စု ၀န်ကြီး၏ ဆေးရုံတွေမှာ ဆေးတွေ အလျှံအပယ် ဖြစ်နေပါသည်ဆိုသည့် ရှေ့နောက် ဒွိဟ ဖြစ်စရာ စကားအသွားအလာကြားမှာ ပြည်သူတွေက ၀ိဝါဒတွေဖြစ်၊ ၀န်ထမ်းတွေက  ကြားညှပ်ကြရသလို လုပ်ငန်းခွင် မှာလည်း အနှောင့်အယှက်ကြီးစွာ ဖြစ်ရ ပါတယ်။

သည်အနေအထားကို နိုင်ငံရေး ရာထူးယူထားသူ ဖြစ်ကြသည့် ၀န်ကြီးနှင့် အစိုးရအဖွဲ့က ပါးရည်နပ်ရည်ရှိရှိ မဖြေ ရှင်းပါဘဲ ၀န်ထမ်းတွေကို ဖြေရှင်းခိုင်း သည့်အခါ မလိုလားအပ်ပါဘဲ အချိန်ကုန်ရသလို ဖြစ်ရတယ်။ ပြည်သူကလည်း မကျေ နပ်ကြ။ ပြည်သူ မကျေမနပ်ဖြစ် ကြတာက ၀န်ထမ်းပိုင်းဆိုင်ရာကိုသာ ဖြစ်နေကြပြီး ဘတ်ဂျက်အနေအထား အပြည့်အ၀ မရမှု ကို ပြည်သူအား မြင်သာထင်သာအောင် မပြောပြကြသဖြင့် အားလုံးသော ပြည်သူ တို့က ကျယ်ကျယ်ပြန့်ပြန့် မသိကြ၊  ရလာသည့် ဘတ်ဂျက်ဖြင့် မရှိမဖြစ် လိုကို လိုသည့် ဆေးဝါးပစ္စည်းများကို သတ်သတ်မှတ်မှတ် ပြတ်ပြတ် သားသား ဖြတ်ချဖို့ ဘယ်သူကမှ တာဝန် မယူကြ။

ဆိုလိုသည်က ဆေးရုံဆေးခန်းတွေ မှာ အရေးပေါ် အခြေအနေအတွက် အားလုံး ကို အခမဲ့ရကိုရစေရမည် ဆိုပြီး ဖြတ်ချပါ လျှင် အရေးပေါ်အတွက် ဘာတွေကို ရကို ရရမည်။ ရဖို့အတွက် ဘာတွေ စီစဉ်ကြရ မည်။ စသဖြင့် အစီအမံများ ရှိကိုရှိကြရပါ မည်။

သည်အထိ အရည်အချင်းမရှိသည့် တာဝန်ရှိသူတို့ကြောင့် အချို့အချို့အတွက် အခွင့်ထူးခံလျက် အလုံးစုံ အရာရာ အခမဲ့ ရနိုင်သော်ငြားလည်း အများစုသော ပြည်သူတို့မှာ ဆေးရုံသို့ အရေးပေါ် ခေါင်းကွဲ၊ လက်ကျိုး လူနာတို့မှာ ခေါင်းကွဲ ဒဏ်ရာ ချုပ်ဖို့ရာ ကြောင်အူ၊ ချည်နှင့် ချုပ်အပ် ပြေးဝယ်နေကြရတာမျိုး။ အရက် ပြန်နှင့်ဂွမ်း ပြေးဝယ်ခိုင်းတာမျိုး အရပ်ရပ် နေပြည်တော် ကြားလို့မတော်တာတွေ လက်တွေ့ဘ၀မှာ ဖြစ်ပျက်နေကြသည်။

သည့်အဖြစ်ကို ယထာဘူထ ကျကျ အရေးဆိုမပြနိုင်တာ၊ နားလည်ပါးလည် အချက်အလက်ကျကျ မေးခွန်း မမေးနိုင် လေသောအခါ သည်မှာဘက်ကလည်း အထက်ဖော်ပြပါ ဘတ်ဂျက်က လိုနေတာ ဘယ်မျှ၊ ရတာ ဘယ်မျှ ထို့အတွက်ကြောင့် ဆေးဝါးအားလုံး အခမဲ့ မရနိုင်ပါကြောင်း၊ အလယ်အလတ်အဆင့် တာဝန်ရှိသူက ဝေ့လည်ကြောင်ပတ် ဖြေကြတာကိုပဲ မကျေနပ်ချင်ပါဘဲ ကျေနပ်ပြရပြန်ပါသည်။

သည်လိုနှင့် ဓာတ်ပြားဟောင်းကြီး ကို ပြန်လည်ဖြေကြားရင်း ပြည်သူမှာ ချာလပတ်လည်လို့ အစိုးရအပေါ်သာ စိတ်ပျက်လက်ပျက် ဖြစ်ကြရပြန်သလို အရည်အချင်း မရှိသည့် အစိုးရအဖွဲ့၏ လုပ်နည်းကိုင်နည်းတလွဲနှင့် ဌာနဆိုင်ရာ တို့၏ မျက်နှာလွဲခဲပစ် တာဝန်မယူ တာဝန် မသိမှုကို အပြစ်မတင်ရဲကြ။ အပြစ်မဆို နိုင်ကြပါချေ။ ထိုအမေးတွေအတွက် အဖြေ ပေးသင့်သည်မှာ နိုင်ငံရေးရာထူးဖြစ် သည့် အစိုးရအဖွဲ့မှာ တာဝန်ယူထားသည့် ၀န်ကြီးအဆင့်ကသာ တာဝန်ခံ ဖြတ်ချရ မည့် အလုပ်တွေ၊ ဖြေရှင်းသင့်သည့် အလုပ် တွေ  ဖြစ်ပါ၏။

ယခုမူကား အဲသည် အဖြေမရှိ။ အဖြေမသိသည့် အမေးတွေကို မေးသူ ကမေး၊ ဖြေရှင်းကြရမည့် အစိုးရအဖွဲ့ တာဝန်ရှိသူ နိုင်ငံရေးရာထူးက သူတွေက မဖြေပါဘဲ ကြားက အလုပ်လုပ်ကြရမည့် လုပ်ငန်းအကောင် အထည်ဖော်သူတွေ ဖြစ်ကြသည့် ဌာနဆိုင်ရာတွေမှာပဲ ဖြေဖို့ တာဝန်ရှိကြသလို ပတ်ချာရမ်းရင်း အစိုးရအဖွဲ့သက်တမ်း လေးနှစ်ကျော်လာခဲ့ ကြပြီး ဖြစ်ပါ၏။ သည်နေ့ သည်အချိန် အထိ ပတ်ချာလည်သည့် အမေးတွေ၊ အဖြေတွေနဲ့ ပြည်သူကို လှည့်စားကောင်း နေတုန်း ဖြစ်ပါ၏။

ဆေးနှင့် ဆေးရုံ အကြောင်းသာ သာဓက ပြသော်ငြား ချာချာလည်နေ သည့် အဖြစ်တွေက ထုနဲ့ဒေး။ လယ်ယာ မြေပြဿနာ၊ အိမ်ရာမြေ ချဲ့ထွင်ခြင်း အရေးကိစ်္စတွေမှာလည်း ဝေ့လည်နေကြ ဆဲ။ လယ်ယာမြေကို နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ လယ်၊ ဥယျာဉ်မြေတွေကို အိမ်ရာမြေအဖြစ် ပြုလုပ်ရောင်းချခွင့် မရှိပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်မြေ မလျော့နည်းစေရေးအတွက် တင်းတင်းကြပ်ကြပ် တားမြစ်ထားသည် မှာ အမှန်။ သို့သော် လက်တစ်လုံးခြား မြို့ပြအကွက်ဖော်ကာ လုပ်စားကြသူ အချို့ကို အရေးယူနိုင်ခဲ့အပြစ်ပေးနိုင်ခဲ့ သည် ဆိုသော်ငြားလည်း အကွက်ကျကျ အိမ်ရာကွက်ရိုက် ရောင်းချနေကြသူတွေ ကလည်း သည်နေ့အထိ များမှများ။    “ကံ”ပေါ့လို့တွေးရင်း ကံစမ်းကာ ၀ယ်ယူ အိမ်ဆောက် ရောင်းစားကြသည့် အဖြစ် တွေကိုလည်း မကိုင်တွယ်နိုင်၊ မကိုင်တွယ် ရဲကြသေး။

လျှပ်စစ် ပြဿနာမှာလည်း ထို့နည်း နှင်နှင်။ မြိတ်၊ ထားဝယ်၊ ကော့သောင်း သုံးခရိုင်လုံးတွင် သူ့အခက်အခဲ၊ သူ့အကြပ် အတည်းတွေနှင့်သူ ထူးမခြားနား ပတ်ပျိုး ကို အစပျိုးလို့နေသည်။ ချိုမိုင်မိုင်အဖြစ် သည်လူ သည်လူတွေကပဲ အမည်ပြောင်း လွှဲရုံ နားလှည့်ပါးရိုက်လျက်  ဆက်လက်ကပြ အသုံးတော်ခံလာကြမည်ကိုလည်း အများစုက သိနှင့်ပြီး ဖြစ်နေသည်အထိ အကွက်တွေက ရိုးသည်။

ဆယ်စုနှစ်ပေါင်းများစွာ အခံဘက် က ချည်းနေလျက် ခံစားခဲ့ကြရပြီးဖြစ် လေသော ပြည်သူတို့အဖို့ ထပ်ပြီး ပေါက် စရာ နဖူးက မရှိတော့ပါလေ။

ပြည်သူတွေနဲ့ ရန်မတိုက်နေပါဘဲ ပြည်သူကိုရော ၀န်ထမ်းတွေကိုပါ အကွက် ကျကျ ဦးဆောင်မှုပေးသွားနိုင်သည့် အရည်အသွေးမျိုး ပြည်သူ့အစိုးရမှာ ရှိနေစေ့ချင်ပါ၏။

ဆင်ကိစ္စမှာ ဦးဆောင်ပါ

ပြီးခဲ့သည့်အပတ်က တနင်္သာရီ ဂျာနယ်ပါ စာရေးသူ ကိုဇော်၏ “ဆင်ကို သည်အတိုင်း  လွှတ်ပေးထားမှာလား”ဆိုသည့် ဆောင်းပါးကို ပြန်ကောက်ပြီး လတ်တလော အရေးကြီးနေသည့် ဆင်တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေးနှင့် အစိုးရတာဝန်ကို မီးမောင်း ထိုးပြလိုပါသည်။ ယင်းဂျာနယ်ပါ သတင်း တစ်ပုဒ်တွင် တိုင်းဒေသကြီး ရ.ပ.က.န မှ လက်ထောက်ညွှန်မှူး ဒေါက်တာ နန္ဒာဝင်း ၏ ရောဂါဖြစ်ပွားမှုနှင့် အကျိုးသက် ရောက်မှု၊ မိမိ ရှိရင်းစွဲ လူအင်အား၊ ပစ္စည်းအင်အားနှင့် ငွေကြေးတို့ အပေါ် မူတည်လျက် ထည့်သွင်းတွက်ချက်သည့် ဦးစားပေး အဆင့်အတန်းအရ ဆင်တုပ်ကွေးရောဂါထက် အသေ အပျောက် ပိုမိုများပြားနိုင်သည့် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းကို ပိုမိုအားစိုက်လုပ်ဆောင်မည် ဟူသည့်  အဖြေ စကားအပေါ် ပြည်သူတို့၏ မသက်မသာခံစားချက်အဖြစ် ဆောင်းပါး တွင် ပြန်လည်ရေးသားခြင်း အဖြစ်လည်း မြင်မိပါသည်။

အမှန်အားဖြင့် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် သည်ဆင်တုပ်ကွေးကို ရော သွေးလွန်တုပ်ကွေးကိုပါ ကျန်းမာရေး ဌာနက မြင်ပါ၏။ လူအင်အား၊ ငွေကြေး အင်အားနှင့် ပစ္စည်းပစ္စယ အနေအထား တို့က အလုံအလောက်မရှိကြလေသည့် အတွက် ရောဂါ၏ သေဆုံးနိုင်စွမ်း၊ ရောဂါ၏ ပြင်းထန်မှု၊ ၀န်ထုတ်ဝန်ပိုး တို့အရ ဦးစားပေး အဆင့်ကို ခွဲခြားကြရ လေသည့်အခါ သွေးလွန် တုပ်ကွေးကို ဆင်တုပ်ကွေးထက် ပိုမိုလို့ကာကွယ် နှိမ်နင်းရေး လုပ်ဆောင်သွားပါမည်ဟု ဒေါက်တာ နန္ဒာဝင်းက ဆိုလိုကြောင်း သဘောပေါက်ပါသည်။

သို့သော် ဆောင်းပါးရှင် ကိုဇော် အနေဖြင့်မူ သေဆုံးမှု မဖြစ်နိုင်သော်လည်း ရောဂါ ပြင်းထန်မှုနှင့် ပြည်သူ့အပေါ် ၀န်ထုပ်ဝန်ပိုး ဖြစ်တန်စွမ်းအရ ဆင်တွေ ကိုလည်းသည်အတိုင်း လွှတ်မထားစေ လိုကြောင်း ဆောင်းပါးတွင် ဖော်ပြလျက် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက် မှုအတွက် ပြည်သူ့အစိုးရ၏ ဦးဆောင်မှု ပေးမည့် အခန်းကဏ္ဍကို မျှော်လင့်ပါ ကြောင်း ဆောင်းပါးရေးသူက တိုက်တွန်း ခြင်းလည်း ဖြစ်ပါသည်။

ဆောင်းပါးရေးသူကို ထောက်ခံလျက် ပြည်သူ့အစိုးရကို တိုက်တွန်းစကား ဆိုလိုပါသည်။

ဆင်တုပ်ကွေး သည်လည်းကောင်း သွေးလွန်တုပ်ကွေးသည်လည်းကောင်း အင်းဆက် စာရင်းဝင် ခြင်မှတစ်ဆင့် လူသို့ ကူးစက် ပြန့်ပွားပါသည်။ ခြင်နှိမ်နင်းရေး တွင် သက်ကြီး ခြင် ဖြစ်လာပါမှ နှိမ်နင်း ခြင်းထက် လောက်လန်းဘ၀မှာ နှိမ်နင်း ခြင်းသည် ပိုမိုလွယ်ကူကာ ငွေကုန် ကြေးကျ နည်းပါသည်။ ယင်း ခြင်နှင့် လောက်လန်းနှိမ်နင်းခြင်းသည် ရောဂါ ကာကွယ်ခြင်းဖြစ်ပြီး ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းမွန်သလို ငွေကုန်ကြေးကျလည်း နည်းပါပါသည်။

သည်တာဝန်သည် ငွေကုန်ကြေးကျ နည်းပါးပြီး ထိရောက်သည် မှန်သော်ငြား အလုပ်တာဝန်မှာ ကျယ်ပြန့်ပြီး နယ်ပယ် ကျယ်ဝန်းသည်နှင့်အမျှ သည်ကျန်းမာရေး ၀န်ထမ်းတွေရဲ့ အင်အားဖြင့် မလုံလောက်ပါ။ ပြည်သူ့အင်အားပါ လိုအပ်ပါသည်။ ဆောင်းပါးရှင် ကိုဇော် ထောက်ပြသလို အရပ်ဘက်အဖွဲ့အစည်းများသည်လည်း သည်အရေးအရာ ကိစ္စများတွင် သွက်လက် တက်ကြွလျက် ပူးပေါင်းပါဝင် လှုပ်ရှား ရန်အသင့် ရှိနေသည်ဖြစ်ရာ သည်ရောဂါ ဆိုးများ ကာကွယ်နှိမ်နင်းရေးအတွက် ဒေသအစိုးရမှ မူအားဖြင့် ချမှတ်ကာ ပါဝင်ကူညီလျက် ဦးဆောင်မှု ပေးသင့်ပါ ကြောင်း တိုက်တွန်းလိုလှပါသည်။

ယင်းသို့ပင် မကြာမတင်က အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ကိုယ်တိုင် စိတ်ဝင် တစား တိုက်တွန်းခဲ့ပါသော ပြည်သူ အခြေပြု ကျောင်းကျန်းမာရေး စောင့်ရှောက် မှုနှင့် ကျောင်းပတ်ဝန်းကျင် ဆေးလိပ်၊ ကွမ်း၊ အရက် ကင်းစင်ရေးအတွက်လည်း ဒေသ အစိုးရအဖွဲ့မှ အပြည့်အ၀ ပူးပေါင်း ပါဝင်ကူညီ စည်းရုံးခြင်းဖြင့် ရည်မှန်းချက် တွေ ပေါက်မြောက် အောင်မြင်အောင် ပါဝင်ကူညီကြ ဦးဆောင်မှုပေးကြစေလို ပါသည်။

အလားတူ အခက်အခဲ အကြပ်အတည်း ဖြစ်နေကြလေသော ပင်လယ်ပြင် သယံဇာတ ထိန်းသိမ်းရေးမှသည် မြေယာ ပြဿနာ အဆုံး၊ လ၀က မှတ်ပုံတင် ပြဿနာမှသည် ဆေးဝါး မရသည့် ပြဿနာ၊ ၀န်ထမ်းများ ဆက်ဆံရေး ရိုင်းပြသည့် ပြဿနာ စသဖြင့် အကြောင်း ခြင်းရာ အားလုံးတို့တွင် အခြေခံ ပြဿနာများများ ရှိနှင့် ကြပါသည်။ ယင်း အခြေခံ ပြဿနာများ ကို ကိုယ်တိုင် သိနားလည်ပါမှသာ အဖြေ ကို ရနိုင်ပါသည်။ ယင်း တွေ့ဆုံရုံ အမေး အဖြေလေးလုပ်ရုံနှင့် ပြည်သူနှင့်ဝန်ထမ်း အကြား ထိပ်တိုက်တွေ့ကာ ငြင်းခုန်နေ ကြစေရုံမျှဖြင့် အခက်အခဲက ပြေလည် မသွားပါ။ 

သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး ကဲ့သို့သော  ပြည်သူ့ ကျန်းမာရေး ပြဿနာရပ်များကို ဖြေရှင်း ရာတွင် အရေးပါသော ဦးဆောင်မှု အခန်း ကဏ္ဍတို့တွင် အစိုးရအဖွဲ့ ကိုယ်တိုင် ပါဝင်လျက် ပြည်သူ့အကြား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက် ကြစေရေးပေါ်လစီချမှတ်  စည်းရုံးကာ ဆောင်ရွက်သောဦးဆောင် ဖြေရှင်းမှုမျိုး ဖြင့်  ပြည်သူနှင့်ထိတွေ့ကာ ဒေသဖွံ့ဖြိုးရေး အခန်း ကဏ္ဍများကို ထိရောက်စွာ ဦးဆောင်သွားနိုင်ကြစေလိုပါကြောင်း တိုက်တွန်းလိုလှပါသည်။          ။

ကိုရိုးဆေး