အညာဖျားရွာ ဆင်သေတံတား အမြန်ဆုံး လာဆောက်ပေးပါ

0
1191

ထားဝယ်မြို့နယ် အညာဖျားကျေးရွာ အုပ်စုရှိ အညာဖျားရွာနှင့် ဥယျာဉ်ကြီးရွာ ကြားရှိ ဒေသအခေါ်ဆင်သေချောင်း တံတားကို အမြန်ဆုံးလာရောက်ဆောက် လုပ်ပေးစေလိုကြောင်း အညာဖျားနှင့် ဥယျာဉ်ကြီး ကျေးရွာသားအချို့က ပြောသည်။

ဆင်သေချောင်း တံတားသည် လွန်ခဲ့သည့် လေးနှစ်ကျော်ခန့်ကတည်းက ပျက်စီးခဲ့သော်လည်း သက်ဆိုင်ရာဌာနက လက်ရှိအချိန်အထိ လာရောက်ဆောက် လုပ်ပေးခဲ့ခြင်း မရှိကြောင်း ယင်းရွာသား  အချို့ထံမှ သိရသည်။

ယင်းလေးနှစ်ကျော်ကာလအတွင်း အညာဖျားကျေးရွာအနီးမှ ဒေသခံများသည် ဆင်သေချောင်း၏ ရေတိမ်ပြီး ကျဉ်းသောနေရာတွင် ယာယီသစ်သား တံတားထိုးကာ  ဒေသခံတစ်ဦးပိုင်ဆိုင်သည့် ဥယျာဉ်ခြံကို ဖြတ်သန်း သွားလာ နေကြရကြောင်း ယင်းရွာအချို့က ပြောသည်။

“နွေရာသီဆိုရင်တော့ ဒီအတိုင်းသွား နေလာနေလို့ ရသေးတယ်။ မိုးရာသီဆိုရင် တော့ ရေကြီးလို့ အတော်ကို ဒုက်္ခရောက် ကြရတယ်။ ဖြစ်နိုင်ရင်တော့ မိုးရာသီထဲမှာ ဖြစ်ဖြစ် ဆောက်လို့ရရင် အမြန်ဆုံးလာ ဆောက်ပေးစေချင်တယ်”ဟု အညာဖျားဒေသခံ ဦးမြင့်အောင်က ပြောသည်။

ယင်းတံတားအမြန်ဆုံးလာရောက် ဆောက်လုပ်ပေးရန် လွှတ်တော်ကိုယ်စား လှယ်များထံတွင်လည်း တင်ပြခဲ့ဖူးကြောင်း ဦးမြင့်အောင်က ပြောသည်။

ယင်ဆင်သေချောင်းတွင် ပေ ၇၀ ဘေလီ တံတားဆောက်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ခွင့်ပြုချက်ရထားပြီးဖြစ်သော်လည်း တနင်္သာရီတိုင်း လမ်းဦးစီးဌာနမှ တရားဝင် ခွင့်ပြုချက်မရသေးသဖြင့် ဆောက်လုပ် ခြင်းမရှိသေးကြောင်း ထားဝယ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဝင်းညွှန့်က ပြောသည်။

ခွင့်ပြုချက်ရရှိပါက ဆောက်လုပ် ပေးမည်ဖြစ်ပြီး ယင်းတံတားဆောက်ရန် အတွက်အများဆုံး အချိန်တစ်လသာ ကြာမည်ဖြစ်ကြောင်း ဦးမျိုးဝင်းညွှန့်က ပြောသည်။

ကျော်သူစိုး