ပေါင်ရှိ ဆင်ရွာရေတံခွန်တွင် လူ ၃ ဦး ရေနစ် ပျောက်ဆုံး

0
1494

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဆင်ရွာ ရေတံခွန်တွင် လူ ၃ ဦး ရေနစ်ပျောက် ဆုံးခဲ့ပြီး နှစ်ဦးကို နှစ်ရက်အကြာအထိ ရှာမတွေ့သေးကြောင်း ဆင်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်က အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦးသည် ရေတံခွန် အထက်ပိုင်းရှိ ရေအိုင်အတွင်း ရေဆင်း ကူးရာမှ ပျောက်ဆုံးသွားသဖြင့် ဆင်ရွာ ကျေးရွာနေ ၄၄ နှစ်အရွယ် အမျိုးသားက ရေအိုင်အတွင်းသို့ ဆင်းရှာရာ ၎င်းပါထပ်၍ ရေနစ်ပျောက်ဆုံးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရေနစ်ပျောက်ဆုံးသူ ၃ ဦးအနက်မှ အသက် ၄၄ နှစ်အရွယ် အမျိုးသား၏  ရုပ်အလောင်းကို ယင်းနေ့ နေ့လယ်ပိုင်း ခန့်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း  ကျန်နှစ်ဦးကိုမူ ပြန်မတွေ့သေးကြောင်း ဆင်ရွာ အုပ်ချုပ်ရေးမှူး ဦစောထွေးဝင်းက ဇွန်လ ၁၀ ရက်တွင် ပြောသည်။

“မနေ့ကအထိတော့ရှာတယ်၊ နှစ်ဦး ကို အခုထိ မတွေ့သေးဘူး၊ ဒီနေ့က ရှာဖွေမှု ခဏရပ်ထားတယ်၊ မိသားစုဝင်တွေ ရောက်ရင် ထပ်ရှာမယ်။ ကောင်လေး တွေက ရန်ကုန်ဇာတိပါ။ မော်လမြိုင်မှာ အလုပ်လာလုပ်ရင်း ရေလာကစားတယ်”ဟု ဦးစောထွေးဝင်းက ပြောသည်။

ဆင်ရွာရေတံခွန် ပတ်ဝန်းကျင် နေရာများမှ ရေအိုင်ကဲ့သို့ တည်ရှိနေသော နေရာသည် ရေစီးအလွန်သန်သောနေရာများ ဖြစ်သည့်အပြင် ရေလည်းအလွန်နက်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ်တုန်းကလည်း ဆင်ရွာ ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေစီးမျောပါ မှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို ယနေ့ ထိတိုင် ရှာမတွေ့တော့ကြောင်း ဒေသခံတို့က ပြောသည်။

Dawei Watch