ငါးမဖမ်းရရာသီ ငါးခိုးဖမ်းသည့်လှေ ထိရောက်စွာ အရေးယူမည်

0
1271

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်းသည့် ကမ်းဝေး ငါးဖမ်းလှေများကို ထိရောက်စွာ အရေးယူသွားမည်ဟု  မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးက ပြောသည်။

ယခုနှစ် ငါးမဖမ်းရရာသီကို ဇွန်လမှ သြဂုတ်လထိ ၃ လ သတ်မှတ်ထားပြီး  အဆိုပါရာသီအချိန်တွင်  ကမ်းဝေးငါးဖမ်း လှေအားလုံးကို ငါးဖမ်းခွင့်  ပိတ်ပင်ထား လိုက်သည်။

“ငါးတွေ ပေါက်ပွားကြီးပွားတဲ့ကာလ မှာ လုံးဝခွင့်မပြုတော့ဘူး၊ တရားမ၀င် ငါးဖမ်းလှေတွေ ရှိ/မရှိ စစ်ဆေးဖို့ တပ်မတော်ကို လွှဲထားတယ်၊ ရှိရင် ဖမ်းဆီး ပြီးတော့  ငါးလုပ်ငန်းဦးစီးဌာနကို အပ်မယ်၊ ငါးလုပ်ငန်း ဦးစီးဌာနကနေ ငါးလုပ်ငန်း ဥပဒေအရ အရေးယူသွားမယ်”ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေး မှူး ဦးစိုးမြင့်က ပြောသည်။

ယမန်နှစ်များက ငါးမဖမ်းရရာသီတွင် ကမ်းဝေး ငါးဖမ်းလှေများကို ရာခိုင်နှုန်းဖြင့် ငါးဖမ်းခွင့်ပြုခဲ့သော်လည်း ယခု နှစ်တွင် ကမ်းဝေးငါးဖမ်းခွင့်ကို လုံးဝ ပိတ်ပင်ထားလိုက်သည်။

“ဒီနှစ်က ကမ်းဝေးကို လုံးဝ ပေးမ ထွက်တော့ဘူး၊ ကျွန်တော်တို့ ငါးလုပ်ငန်းရှင်တွေအတွက် မထိခိုက်ပေမယ့် ရေလုပ် သားတွေအတွက်တော့ နည်းနည်းထိခိုက်တယ်”ဟု ချောင်းဆုံမြို့နယ်မှ ငါးလုပ်ငန်းရှင် ဦးထွန်းက ပြောသည်။

မွန်ပြည်နယ်တွင် ကမ်းဝေးငါးဖမ်း လှေ ၃၂၀ စီး ရှိပြီး ကမ်းဝေးငါးဖမ်းခြင်း လုပ်ငန်းကို ရေးမြို့နယ်၊ သံဖြူဇရပ်မြို့ နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် အဓိက လုပ်ကိုင်ကြသည်ဟု ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

Dawei Watch