ထီးခီးစက်မှုဇုန် ခွင့်ပြုမိန့်ရပါက ဧကခြောက်ဆယ်ခန့်တွင် စီးပွားေ၇းဇုန်အရင်အကောင်အထည်ဖော်မည်

0
1054

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစက်မှုဇုန် ခွင့်ပြုချက်ရရှိပါက ဧက ၆၀ ခန့်ပေါ်တွင် စီးပွားရေးဇုန်ကို ပထမဆုံး အကောင် အထည်ဖော်မည်ဖြစ်ကြောင်း KNU ကိုယ်စားပြု ကုမ္ပဏီဖြစ်သည့် Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာဖြစ်သူ ဦးရဲမြင့်က ဆိုသည်။

ထီးခီးဒေသတွင် KNU (ကရင်အမျိုးသား အစည်းအရုံး) က စက်မှုဇုန်တစ်ခုအကောင် အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်း စက်မှုဇုန် အကောင်အထည်မဖော်မီ စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ထီးခီးစက်မှုဇုန်ကို မြေအကျယ်အ၀န်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး လက်ရှိတွင် အစိုးရဘက်က ခွင့်ပြုချက်ကြန့်ကြာနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကြီးများ မရှိတော့သည့်အတွက် စီးပွားရေးအရ ဖွံ့ဖြိုးလာနိုင်သည့်ဇုန်ကို အရင်ဆုံး အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဦးရဲမြင့်က ပြောသည်။

ထီးခီးစက်မှုဇုန် အကောင်အထည် ဖော်ရန်အတွက် ၂၀၁၆ ခုနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ၏ Power China ကုမ္ပဏီနှင့် နားလည်မှုသဘောတူစာချုပ်ကို လက်မှတ် ထိုးခဲ့ဖူးသည်။

ကနဦးအကောင်အထည်ဖော်မည့် စီးပွားရေးဇုန်တွင် ဈေးဆိုင်ခန်းများ၊ စရိတ်နည်းဟိုတယ်များ၊ ဈေးဝယ်စင်တာ၊ ကားဂိတ် အစရှိသည့် လုပ်ငန်းများ ပါဝင်မည် ဖြစ်ပြီး ထိုင်းကုမ္ပဏီ တစ်ခုနှင့် လက်တွဲ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးရဲမြင့်က ဆိုသည်။

“ခွင့်ပြုမိန့်ကျလို့ စလို့ရတာနဲ့ ချက်ချင်း စမယ်”ဟု ၎င်းက ပြောသည်။

စီးပွားရေးဇုန်ကို  စတင်အကောင် အထည်ဖော်ပြီးမှသာ စက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ဦးရဲမြင့်က ဆိုသည်။

လက်ရှိတွင် မြေအသုံးပြုခွင့်အတွက် ယခုလကုန်ခန့်တွင် ကျင်းပမည့် ဗဟိုမြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု သိထားကြောင်း ၎င်းက ပြောသည်။

စက်မှုဇုန်လုပ်ကိုင်ခွင့်ပြုမိန့်မှာမူ စီးပွားရေးကော်မတီမှ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြပြီး အတည် ပြုချက်ရယူပြီးပါက လုပ်ကိုင်ခွင့်ရရှိ တော့မည်ဖြစ်ကြောင်း ဦးရဲမြင့်က ဆိုသည်။

စက်မှုဇုန်တွင် ကုန်ထုတ်လုပ်ငန်း ဇုန်၊ အကောက်ခွန် အာမခံ ကုန်လှောင်ရုံ ဇုန်နှင့် စက်မှုအခြေခံမြို့တော်ဇုန် စသည့် လုပ်ငန်း ၃ ခုပါဝင်မည် ဖြစ်သည်။

မယ့်သမီးခီး(ထီးခီး) Mae Tha Mee Khee Region Industrial ကုမ္ပဏီက အကောင်အထည်ဖော်မည် ဖြစ်ပြီး ယင်းကုမ္ပဏီကို တပ်မဟာ ၄ KNU (မြိတ်-ထားဝယ်ခရိုင်)၏ စီးပွားရေးလုပ် ဆောင်ပေးနေသည့် Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီ Sun and Rainbowကုမ္ပဏီပေါင်းထားခြင်း ဖြစ်သည်။

Dawei Watch