ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့ စည်းများ အနည်းဆုံး ဆယ်ကြိမ် တွေ့ဆုံမည်

0
448

တိုင်းအတွင်း ယခုနှစ် ဇူလိုင်လမှ ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အချိန် အထိ ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်း အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်ကို စိတ်ဝင်စားသည့် အရပ်ဘက်အဖွဲ့အစည်းများ အနည်းဆုံး ဆယ်ကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို မည်သည့်ပုံစံဖြင့် အကောင်းဆုံး လုပ်ဆောင်မည်ဆိုသည့် အချက်များကို သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာခြင်း၊ ကြိုတင်မဲကိစ္စ စသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုသာ ဆွေးနွေးကြ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။

“ဒီပွဲမှာ ရွေးကောက်ပွဲ ခေါင်းစဉ် တွေပဲ ဆွေးနွေးမယ်။ နိုင်ငံရေးအကြောင်း ခေါင်းစဉ်တွေ မပါဘူး။  ဒီဆွေးနွေးပွဲရဲ့ မူအရလည်း ရွေးကောက်ပွဲ ကော်မရှင်တွေ ပိုမိုကောင်းမွန်လာစေရေးပဲ”ဟု ၎င်းက ဆိုသည်။

ယင်းဆွေးနွေးပွဲများကို တိုင်းအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များတွင် အလှည့်ကျ ကျင်းပမည်ဖြစ်ပြီး ပထမဆုံး တွေ့ဆုံပွဲကို ထားဝယ်မြို့၌ ဇူလိုင်လ ၁၀ ရက်တွင် ပြုလုပ်ရန် စီစဉ်နေကြာင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးက ပြောသည်။

ယင်းကဲ့သို့သော ဆွေးနွေးပွဲများကို  ဆယ်ကြိမ်ထက်မက ပြုလုပ်ပေးနိုင်ရန် လိုအပ်ကြောင်း ထားဝယ်တိုင်းရင်းသား များပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

“ဒီလိုဆွေးနွေးပွဲတွေလုပ်တာ အရမ်း ကောင်းတယ်။ ကြိုဆိုပါတယ်”ဟု ဦးအေးမင်းက ဆိုသည်။

တိုင်းအတွင်း ယင်းဆွေးနွေးပွဲလုပ် သည့်အချိန်တိုင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦး လာရောက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး၊ လုပ်နည်းများကို ရှင်းလင်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။

ကျော်သူစိုး