တင်ဒါဆွဲသူမရှိသည့် ကျွန်းစုနှင့် ကော့သောင်းရှိ စာသင်ကျောင်း ၁၅ ကျောင်း တင်ဒါထပ်ခေါ်

0
576

ပထမအကြိမ်နှင့် ဒုတိယအကြိမ် တင်ဒါခေါ်ပြီးသော်လည်း တင်ဒါလျှောက် ထားသူမရှိသဖြင့် မဆောက်ဖြစ်ခဲ့သည့် စာသင်ကျောင်း ၁၅ ကျောင်းတွင် အဆောက်အအုံများ ဆောက်လုပ်ရန် တတိယအကြိမ် မြောက် တင်ဒါထပ်မံခေါ်ယူလျက်ရှိသည်။

တင်ဒါ ထပ်ခေါ်မည့် ကျောင်းများမှာ ကျွန်းစုမြို့နယ်တွင် ၉ ကျောင်းနှင့် ကော့သောင်းမြို့နယ်တွင် ၆ ကျောင်း ဖြစ်သည်။

ထိုကျောင်း ၁၅ ကျောင်း ဆောက်လုပ်ရန် တင်ဒါ ၂ ကြိမ် ခေါ်ခဲ့ပြီးသော်လည်း လျှောက်ထားသူ မရှိခဲ့ခြင်းကြောင့် တင်ဒါ လုပ်ထုံးလုပ်နည်းအရ တတိယအကြိမ်မြောက် တင်ဒါထပ်ခေါ်ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အထက်ပါ ကျောင်း ၁၅ ကျောင်းအနက် အန္တရာယ်ရှိနေသည့်အဆောင်အားဖျက်ကာ အသစ်ပြန်ဆောက်မည့် ကျောင်း ၇ ကျောင်း ပါဝင်သည်။

တင်ဒါလျှောက်သူမရှိပါက ကျောင်းဆောက်ရန် နိုင်ငံတော်မှ ချထားပြီးသား ငွေများ ပြန်လည်အပ်နှံရမည်ဖြစ်၍ မဆောက်ဖြစ်သည်ရွာများမှ ကျောင်းသူ/ ကျောင်းသားများအတွက် အထူးပင် နစ်နာ ရမည်ဟု ဒေသခံအချို့က ဆိုကြသည်။

တင်ဒါခေါ်ယူရာ၌  မြို့ပေါ်လုပ်ငန်း များအတွက် ချထားပေးသည့်ဈေးနှုန်းနှင့် ဝေးလံခေါင်ဖျားသည့်ဒေသများ၊ ကျွန်းများတွင် ချထားပေးသည့်ဈေးနှုန်း တစ်ပြေးညီ သတ်မှတ်ထားရာ ယခုတင်ဒါလျှောက် သူမရှိသည့်ကျောင်းများမှာ  ပစ္စည်းသယ်ယူ စရိတ်နှင့် အခြားကုန်ကျစရိတ်များပြားသည့် ဒေသများ၊ ကျွန်းများပေါ်တွင် တည်ရှိ နေသောကြောင့် တွက်ခြေမကိုက်သဖြင့် တင်ဒါမဆွဲကြခြင်း ဖြစ်နိုင်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်အချို့က ပြောကြသည်။

တတိယအကြိမ် တင်ဒါပြန်ရာတွင်လည်း Plinth Area Estimate(ဧရိယာ အပေါ် အခြေခံတွက်ချက်မှု)အရ သတ်မှတ်မြေနေရာတွင် ခွင့်ပြုချထားပေးသည့်ငွေ ကြေးနှုန်းထား(ယခင်နှုန်းထား) အတိုင်း တင်ဒါပြန်ခေါ်မည်ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

“(တင်ဒါ)ဆွဲမယ့်သူ ရှိ/မရှိတော့ ခေါ်မှ သိမှာပေါ့”ဟု ဦးမြင့်မောင်က ပြောသည်။

ယခုနှစ်တွင် ပညာရေးဦးစီးဌာနမှ စာသင်ကျောင်း ၄၃ ကျောင်းတွင် အဆောက်အအုံများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။            

Dawei Watch