မြေချဉ်ပြုပြင်ဆေးရည် အခမဲ့ ထုတ်ယူနိုင်

0
622

တိုင်းအတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် မိမိတို့ လယ်ယာဥယျာဉ်ခြံမြေများတွင် မြေချဉ်ပြုပြင် ဆေးရည် စမ်းသပ်အသုံးပြုလိုပါက သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးရုံးများတွင် အခမဲ့ထုတ်ယူ နိုင်ကြောင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

မြေချဉ်ပြုပြင်ဆေးရည် လီတာ ရှစ်ထောင်ကို မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ခွဲတမ်းချပေးထားပြီး ထုတ်ယူအသုံးပြုသူများကို စိုက်ပျိုးရေးရုံးဝန်ထမ်းများက ဆေးအသုံးပြုနည်း လမ်းညွှန်ပြသပေးသွားမည် ဟု ၀န်ကြီး ဦးမြင့်စန်းက ပြောသည်။

“စိတ်ပါဝင်စားတဲ့ တောင်သူလယ်သမားတွေ လက်တွေ့ စမ်းသပ်နိုင်အောင် အခမဲ့ ဖြန့်ဝေပေးမယ်”ဟု ၀န်ကြီးက ပြောသည်။

မြေချဉ်ပြုပြင်ဆေးရည် အခမဲ့ ဖြန့်ဝေရခြင်းမှာ ထားဝယ်တွင် ဖွင့်လှစ်ထားသည့် မြေဆီလွှာဓာတ်ခွဲခန်းတွင် ပုဂ္ဂလိက လာရောက်စမ်းသပ်သည့်မြေများ၊ စိုက်ပျိုးရေးဌာနမှ စမ်းသပ်မှုများအရ တနင်္သာရီတိုင်းအတွင်းရှိ လယ်ယာမြေ၊ ဥယျာဉ်မြေ အများစုက မြေအချဉ်ဓာတ်ဖောက်(များ)နေသည်ကို တွေ့ရသောကြောင့် ယင်းသို့ မြေချဉ်ပြုပြင်ရေးဆေးရည်များကို ဖြန့်ဝေ ခြင်းဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

တိုင်းအစိုးရအနေဖြင့် ယင်းသို့ ဆေးရည် အခမဲ့ဖြန့်ဝေပေးခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သော်လည်း တောင်သူ တို့အနေဖြင့် မိမိစိုက်ပျိုးမြေ၏ အခြေအနေကို သေချာစွာ သိထားပြီးမှ ထုတ်ယူသုံးစွဲ သင့်ကြောင်း ထားဝယ်ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများအသင်း၏ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးက ပြောသည်။      

Dawei Watch