မုန့်လုပ်စားကြစို့

0
1583

မိုးလေး မှန်မှန် ရွာလာပြီဆိုသည်နှင့် သူငယ်ချင်းများ ဆုံမိတိုင်း တိုင်ပင်တတ် ကြသည်က “မုန့်လုပ်စားကြစို့”။

မုန့်လုပ်စားရန် တိုင်ပင်လေ့ရှိတတ်သည်က ကျား/မ မဟူ ရွယ်တူသူငယ်ချင်းများ အချင်းချင်း။

ဆယ်ကျော်သက်အရွယ် လူငယ်စု မှအစ အသက်အရွယ်ရပြီးသူများအထိ မုန့်လုပ်ရန် ၀ါသနာပါသော၊ မုန့်စားရန် ၀ါသနာပါသူများ မိုးတွင်း လူစုမိသည်နှင့် ပြောဆိုမိတိုင်း တိုင်ပင်မိကြသည်က မုန့် လုပ်စားကြရန်။

လူစုမုန့်လုပ်စားကြသည်က သူငယ်ချင်း များထဲမှ သင့်တော်ရာ အိမ်တစ်အိမ်အိမ်။

“အနည်းဆုံးတစ်ပတ် ၃ ရက်လောက်တော့ လုပ်စား(ခဲ့)ကြတယ်။ ဒီနေ့ကိုယ့် အိမ်မှာ ဒီမုန့်လုပ်စားရင်နောက်နေ့ သူ့အိမ် မှာ နောက်တစ်မျိုးပေါ့”ဟု အသက် ၄၂ နှစ်ရှိ မြိတ်မြို့နယ် တောင်ရှည်ရွာသူ မမာချိုက ပြောသည်။

ယင်းသို့ မုန့်စုလုပ်စားကြရာတွင် ဆန်ဖြစ် လုပ်သည့် မုန့်ကို အဓိကထား လုပ်စားကြလေ့ ရှိသည်။

မုန့်လင်မယား(မုခွပ်သား)၊ မုန့်လုံး ရေပေါ်၊ မုန့်ကြာစေ့၊ မုန့်ဦးနှောက်၊ မုန့်ကျွဲသဲ၊ မုန့်ပြားသလက်(မုပါ်္လား)၊  မုန့်ဟင်းအိုးကပ်၊ မုန့်ဖင်ဖောက်၊ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်၊ သာခွေယိုင်၊ ငှက်ပျောသီးပျား ပအုန်း(အုန်းနို့စိမ်) စသဖြင့်။

ယင်းမုန့်များလုပ်ရန်အတွက်  လိုအပ် ပစ္စည်းများကို ခွဲတမ်းဖြင့် ထည့်ဝင်ကြလေ့ ရှိသည်။

ဆန်ကို ထည့်ဝင်သူ၊ အုန်းသီးရှာ လာသူ၊ သကြားယူလာမည့်သူ၊ ဆီဆား ကျခံသူ စသဖြင့် မိမိထည့်ဝင်နိုင်သည့် ပစ္စည်းကို စာရင်းကြိုပေးကြ မုန့်လုပ်သည့် အချိန်တွင် ယူလာကြရသည်။

ကြိုလုပ်ရမည့် ကိစ္စရပ်များအတွက်လည်း တာဝန်ကိုယ်စီ ခွဲယူကြရသည်။

ဆန်က မည်သူတို့ကြိတ်မည်၊ အုန်းသီး ခြစ်၊ အုန်းနို့ကိုင်က မည်သူတို့လုပ်မည် စသဖြင့် ကြိုတင် အာမခံကြ ကြိုလုပ်ကြ ရသည်။

“မုန့်လုပ်စားကြစို့ဆိုပြီးတော့ စပ်တူ လုပ်လိုက်ကြတာပဲ။ နင်တို့အိမ်က ဆန်ယူလာ၊ နင်က အုန်းသီးယူလာနော်၊ ငါက ကြက်ဥ စိုက်မယ်၊ ထင်းစိုက်မယ်ဆိုပြီးတော့”ဟု သရက်ချောင်းမြို့နယ် ညောင်ဇင် ကျေးရွာနေ ဒေါ်မိုးမိုးဖြူက ပြောသည်။

တချို့က နေ့ခင်းဘက်တွင် စုလုပ် စားလေ့ရှိပြီး အများစုမှာ အားလုံး အားလပ် ပြီး အေးချမ်းသည့် ညဦးတွင် လူစုလုပ်စား ကြသည်က များပါသည်။

“လုပ်တဲ့သူကလုပ် ဘေးက ထိုင်စားတဲ့ သူကစားနဲ့၊ ပျော်စရာပေါ့”ဟု လောင်းလုံး မြို့နယ် ဆင်ကူးပြင်ရွာနေ အသက် ၅၇ နှစ် အရွယ် ဒေါ်ဟန်သီးက ပြောသည်။

မုန့်စုလုပ်စားရသည်ကို ၀ါသနာပါ သည့် ဒေါ်ဟန်သီးအတွက် အမှတ်တရ တစ်ခုမှာ အငယ်ဆုံးသမီး ၂ နှစ်သားခန့်က အိမ်အောက်တွင် မုန့်ပျားသလက်လုပ်စား ကြသည့် မိုးညတစ်ည ဖြစ်သည်။

မိုးကလည်းသည်း၊ မုန့်စုလုပ်စားသူ တို့ကလည်း စကားသံ ဆူညံစွာ ပျော်နွှဲ။

အိမ်ပေါ်တွင် အိပ်နေသည့် သမီးလေး မီးခိုးမွှန်ပြီး ငိုနေသည်ကို အပြင်ကပြန်လာ သည့် ယောက်ျားဖြစ်သူပြောမှ သတိထား မိရသည့် အဖြစ်။

“အဲဒီညက လင်းမယာနှစ်ယောက် ရန်ဖြစ်ကြသေးတယ်။ ကလေးကို ဂရုမ စိုက်ဘဲ မုန့်ဘဲလုပ်နေတယ်ဆိုပြီး ရန်ဖြစ် ကြတာ”ဟု ဒေါ်ဟန်သီးက ပြောသည်။

မုန့်လုပ်စားကြရင်း ညနက်လွန်းသွား ပါက မုန့်လုပ်စားသည့်အိမ်တွင်ပင် သူငယ် ချင်းများ စုအိပ်လိုက်ကြသည်ကလည်း ထုံးစံတစ်ခုလို ဖြစ်နေတတ်ပါသည်။

“ညဘက် မီးမရှိ ဘာမရှိ ပြန်ရဝေး တဲ့သူတွေက အိမ်ပြန်မအိပ်ကြတော့ဘူး။ ဒီမှာပဲ ၀ိုင်းအိပ်လိုက်ကြတာက များတယ်ပေါ့”ဟု မြိတ်မြို့နယ် တောင်ရှည်ရွာသူ မမာချိုက ပြောသည်။

ယခုနောက်ပိုင်းတွင်ကာ မိုးရာသီ မုန့်စုလုပ်စားသည့် အလေ့အထ နည်းလာပါပြီ။

ရွယ်တူ သူငယ်ချင်းများ မုန့်စုလုပ် စားကြသည်ကို တွေ့မြင်ရခြင်းမျိုး မရှိ သလောက် ဖြစ်လာပါသည်။

“ခုခေတ်ကလေးတွေ ဒီလိုလုပ်စားကြတာ မကြားမိတော့ပါဘူး၊ ဆိုင်တစ်ဆိုင်မှာစုပြီး ၀ယ်စားကြတာပဲ မြင်လာရတယ်။ ၀ါသနာလည်း သိပ်မပါကြတော့သလိုပဲ”ဟု ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ ဒေါ်ဝင်းရွှေက ပြောပါသည်။

မြို့ရော ကျေးရွာများပါ လျှပ်စစ်မီး ရရှိလာကြပြီး တီဗွီ၊ စမတ်ဖုန်းတို့မှ တစ်ဆင့် ဖျော်ဖြေရေးအစီအစဉ်များများ လာခြင်း၊ သက်ငယ်မုဒိမ်းကဲ့သို့သော လူမှုရေး ပြဿနာ ဖြစ်ပွားမှုများ ယခင်ထက်ပိုကြား သိလာရ ခြင်းတို့က ညဘက် လူငယ်လူကြီး၊ သူငယ်ချင်း များစုဝေးမှုကို အဟန့်အတား ဖြစ်လာစေသဖြင့် မုန့်စုလုပ်စားသည့် ဓလေ့ ပျောက် ကွယ်လာခြင်းဖြစ်ကြောင်း ပြောဆိုကြ ပါသည်။

“ခုတော့ ဒီဓလေ့တွေကရွာမှာ ပျောက် ကွယ်လာပြီ။ မြို့မှာလည်း လုံးဝမရှိတော့ သလောက်ပါပဲ၊ သားသမီးတွေလည်း ဟိုအိမ်မှာ မုန့်လုပ်စားတယ်၊ ဒီအိမ်မှာ မုန့်လုပ်စားတယ်ဆိုပြီး ခွင့်တောင်းလာ တာမျိုး မရှိဘူး”ဟု မမာချိုက ပြောပါ သည်။

မုန့်စုလုပ်စားရ ၀ါသနာပါသူတချို့ကမူ အခွင့်အခါသင့်လျှင် မုန့်စုလုပ်စားကြဆဲဟု ဆိုပါသည်။

သရက်ချောင်းမြို့နယ် ညောင်ဇင် ကျေးရွာသူ ဒေါ်မိုးမိုးဖြူကမူ မီးပျက်မည့် အချိန်ကို စောင့်နေပါသည်။

“တစ်ခါတလေဆိုရင် မီးသေပါစေလို့တောင်ဝိုင်းဆုတောင်းနေကြတာ၊ မီးသေပြီဆိုရင် စကားတွေပြောရင်း ညဘက်တွေမှာ မုန့်လုပ်စားကြတယ်”ဟု ဒေါ်မိုးမိုးဖြူက ပြောပါသည်။

တနင်္သာရီသတင်းအဖွဲ့