စိတ်တိုင်းကျ

0
478

တက်္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထွက်ပြီးပြီဖြစ်သည့်အတွက် စာမေးပွဲအောင်သည့် လူငယ်များ၏ ရှေ့ရေးနှင့် ပတ်သက်ပြီး မိဘများမျိုးစုံ စိတ်ကူးနေကြပြီ ဖြစ်သည်။

သည်အချိန်ရောက်တိုင်း စိတ်ပူမိသည့်အချင်းအရာတစ်ခုမှာ စာမေးပွဲ အောင်သည့် ကျောင်းသူကျောင်းသားများ၏ အနာဂတ်နှင့် ပတ်သက်ပြီး မိဘများ၏ ပါဝင်မှု ဖြစ်သည်။

အထူးသဖြင့် တက္ကသိုလ်ရွေးချယ်ရေးကိစ္စတွင် ပါဝင်မှုဖြစ်သည်။

တချို့က ကလေး၏ ဆန္ဒနှင့် ၀ါသနာကို မမေးဘဲ ရမှတ်အပေါ် မူတည်ပြီး ကျောင်းရွေးပေးကြသည်။

တချို့က ရပ်ထဲ/ရွာထဲတွင် ဂုဏ်ရှိသည်ဟု ထင်ရသည့် အလုပ်များကို ပေးနိုင် သည်ဟု ယူဆရသည့် ကျောင်းများကိုသာ ရွေးချယ်ရန် တွန်းတွန်းတိုက်တိုက် လုပ်ကြသည်။

တချို့က ကိုယ့်တုန်းက မဖြစ်ခဲ့သည်များကို ကလေးများအား လုပ်စေချင်စိတ်ဖြင့် အတင်း ပုံဖော်ကြသည်။

ကလေး၏ စိတ်အာသီသကို သေချာ မမေးကြသည့် အထက်ပါ အခြေအနေ ၃ ရပ်စလုံးသည် ကလေးအတွက် မကောင်းပေ။

မိသားစုတစ်ခု၏ မိသားစုဝင်များသည် ဘ၀ကို အတူတကွ အေးအတူ ပူအမျှ ဖြတ်သန်းကြမည့် ဘ၀ခရီးဖော်များသာ ဖြစ်သည်။

“ငါက မိဘ၊ နင်က ငါမွေးတဲ့ ငါ့သားသမီး၊ ငါကျွေးတဲ့ ငါ့သားသမီး”ဟူသည့် ခံယူစိတ်မျိုးဖြင့် ကိုယ့်သားသမီးများ၏ အစစအရာရာအပေါ် ကိုယ့်စိတ်တိုင်းကျ ပုံဖော်ခြင်းမှာ မဖြစ်သင့်ပေ။

အထူးသဖြင့် ကိုယ့်တုန်းက မဖြစ်ခဲ့သည်များကို ကိုယ့်သားသမီးအလှည့်မှာ ပုံဖော်ခြင်းသည် ရက်စက်ရာ ကျလွန်းပေသည်။

ကိုယ့်ဘ၀ခရီးဖော်များဖြစ်သည့် သားသမီးများ၏ ရှေ့ရွေးချယ်ရမည်များ အတွက် ကူပြီး စဉ်းစားပေး အကြံပေးခြင်းသာ အကောင်းဆုံး ဖြစ်သည်။ ၀င်ဆုံးဖြတ်ခြင်း မလုပ်သင့်ပါကြောင်း ပြောလိုရင်း ဖြစ်သည်။

(အယ်ဒီတာ ဇွန် ၈၊ ၂၀၁၉)