ဆင်ကို ဒီအတိုင်းလွှတ်ပေး ထားမှာလား

0
2832

အခုတလော ထားဝယ်ဒေသတစ်ခွင်မှာ ဗန်းစကားအသစ်တစ်ခုပေါ်လာတာ တွေ့ရပါတယ်။“ဆင်နင်းခံရပြီ”ဆိုတဲ့ ဗန်းစကားပါ။

ဒီဗန်းစကားကတော့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ပေါ်ထွက်လာ တာဖြစ်ပြီးတော့ လူထုကြားထဲမှာ တွင်တွင် ကျယ်ကျယ်ကို ပြောဆိုနေကြတာပဲဖြစ်ပါတယ်။

အခုနှစ်ဆန်းပိုင်းက ထားဝယ်အထူး စီးပွားရေးဇုန်အနီးမှာရှိတဲ့ ဘ၀ါကမ်းခြေ ကျေးရွာနဲ့ အနီးတစ်ဝိုက်ရွာတွေမှာ စတင် ဖြစ်ပွားခဲ့တဲ့ ဆင်တုပ်ကွေးဟာ အခုဆိုရင် ထားဝယ်ဒေသ တစ်ခုလုံးသာမက မြိတ်ဒေသ အထိပါ ကူးစက်ပျံ့နှံ့နေပြီလို့ ကြားသိရ ပါတယ်။

ဆင်တုပ်ကွေးဖြစ်သူအများစုက ရောဂါဖြစ်ပြီဆို အဆစ်အမြစ်တွေ ကိုက်ခဲ နာကျင်လေ့ရှိတော့ အချို့ဆိုရင် “ဆစ်တုပ် ကွေး”ဆိုပြီး ခေါ်ဆိုနေတာလည်း ကြားရပါတယ်။

ဆင်တုပ်ကွေးဟာ ခြင်ကိုက်ခံရလို့ ဖြစ်ပွားတာဖြစ်ပြီး သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင်အမျိုးအစားနဲ့ အတူတူပဲလို့ တိုင်းသမားတော်ကြီးတစ်ဦးက ရေးသားထားလို့ မှတ်ရသိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါပိုးက ခြင်မျိုးဆက်တစ်ခုသာ သယ်ဆောင်နိုင် ပေမယ့် ဆင်တုပ်ကွေးကတော့ ခြင်မျိုးဆက် ပေါင်းများစွာ သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆရာဝန်တစ်ဦးက ပြောဆိုဖူးပါတယ်။

ခြင်ကိုက်ခံရလို့ ရောဂါကူးစက်ဖြစ်ပွား ရတယ်လို့ ပြောဆိုကြပေမယ့် ခြင်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာန ကလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် တာမျိုး မတွေ့ရသေးပါဘူး။ တိုင်းအစိုးရ ကိုယ်တိုင်ကလည်း ဒီရောဂါနဲ့ပတ်သက် ပြီး စိတ်ဝင်စားမှု ရှိပုံမတွေ့ရဘူး။

ရောဂါပိုးသယ်ဆောင်တဲ့ ခြင်ကိုက် ခံရပြီး ၃ရက်ကနေ ၅ရက်အတွင်းမှာ လက္ခဏာ စတင်ခံစားရကာ ဖျားပြီး အဆစ်အမြစ် လွန်စွာကိုက်ခဲတာတွေ ဖြစ်ကြတယ်လို့ ဖတ်ရပါတယ်။

ယေဘုယျအားဖြင့် သေစေနိုင်တဲ့ ရောဂါမဟုတ်ဘဲ လူအများစုဟာ ရက် သတ္တပတ် အနည်းငယ်အတွင်း ရောဂါ ပျောက်ကင်း သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

မသေနိုင်တဲ့ ရောဂါဖြစ်တယ်လို့ ဆိုပေမယ့် ရောဂါဖြစ်ပွားလို့ အိပ်ရာထဲ လဲနေရသူတွေရဲ့ လုပ်အားတန်ဖိုးတွေ ဆုံးရှုံးတာတွေကိုရော ထည့်မတွက်ကြ တော့ဘူးလား။

အိမ်တစ်ဆောင်/မိသားစုတစ်စုမှာ တစ်ဦးတစ်ယောက်က ရောဂါခံစားရပြီ ဆိုတာနဲ့ ကျန်တဲ့မိသားစုဝင်တွေကိုလည်း ကူးစက်ဖို့ အခွင့်အလမ်းပိုများသွားပြီလို့ ဆိုနိုင်ပါတယ်။

ကျန်တဲ့မိသားစုဝင်တွေ ကူးစက်ခံရပြီး တစ်ဦးပြီးတစ်ဦး ကူးစက်သွားမယ် ဆိုရင် ဒီမိသားစုရဲ့ ၀င်ငွေတွေ၊ လုပ်အားတန်ဖိုးတွေ ကျသွားတော့မှာက ငြင်းလို့ရမယ် မဟုတ်ပါ။ဝင်ငွေတွေ၊ ကုန်ထုတ်စွမ်းအားတွေ ကျဆင်းစေရုံမကဘဲ ဆေးခန်းပြရမယ့် စရိတ်တွေ၊ ပြုစုစောင့်ရှောက်ရတဲ့ တာဝန် တွေကအစ ၀န်ပိစေပါတယ်။ အခုဆိုရင် ထားဝယ်ဒေသမှာရှိတဲ့ ပြင်ပဆေးခန်း အားလုံးနီးပါးနဲ့ ပြည်သူ့ဆေးရုံ ပြင်ပလူနာ ဌာနမှာရော ဆင်တုပ်ကွေး လူနာတွေနဲ့ ပြည့်လျှံနေတာ တွေ့နေရပါတယ်။

ရောဂါဖြစ်ပြီးတဲ့ လူအများစုဟာ လပေါင်းများစွာကြာသည်အထိ ခြေဆစ် လက်ဆစ် ကိုက်ခဲတာ၊ အလေးအပင် မသယ်နိုင်တာ စတဲ့ ဆိုးကျိုးကိုလည်းတွေ့နေရပါတယ်။

အစိုးရအနေနဲ့ အခုလို အနေအထား မျိုးမှာ ခြင်နှိမ်နင်းရေးလုပ်ငန်းကို အသေး အဖွဲကိစ္စတစ်ခုလို့ သဘောမထားသင့်ပါ။

ဆင်တုပ်ကွေးဖြစ်စေတဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ ခြင်နှိမ်နင်းရေးကို ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာအောင် တိုင်းအစိုးရအနေနဲ့ တိုက်တွန်းစည်းရုံးပြီး လုပ်ဆောင်သင့်နေပါပြီ။

ခြင်နှိမ်နင်းရေးလုပ်ငန်းအပြင် ပြည်သူတွေ ကျန်းမာရေး အသိပိုမိုရရှိလာစေရေး ကလည်း အရေးကြီးပါတယ်။

ဒါတွေကို ပြည်သူက ရွေးချယ်တင် မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်ထက် မှာ အစိုးရကသာ ဦးဆောင်စည်းရုံးပြီး လုပ်မယ်ဆိုရင် ပြည်သူတစ်ရပ်လုံးက ပါဝင်ကြဖို့ အဆင်သင့်ပါ။ ပူးပေါင်းပါဝင် ကြမယ့် ပရဟိတ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကလည်း အများကြီးရှိနေ ပါတယ်။

အခုလိုမျိုး ကပ်ရောဂါအသွင်နဲ့ ဖြစ်နေတဲ့ အနေအထားမျိုးမှာ ခြင်နှိမ်နင်း ရေးလုပ်ငန်းစဉ်တွေကို တိုင်းအစိုးရက ဦးဆောင်ပြီးလုပ်ဆောင်ဖို့ တာဝန်ရှိ တယ်လို့ ဆိုချင်ပါတယ်။ပြည်သူ့ကိုယ်စား ဒီလိုတာဝန်တွေ ထမ်းဆောင်ဖို့အတွက်ပဲ ရွေးကောက်ခံခဲ့ကြတာ မဟုတ်ပါလား ခင်ဗျား။

ကိုဇော်