တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီ အဆင့်လေးချိတ်

0
2994

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန်လ ၈ ရက်က ထုတ်ပြန်လိုက်ရာ တနင်္သာရီတိုင်းသည် တစ်နိုင်ငံလုံးတွင် အဆင့် ၄ ချိတ်ခဲ့သည်။ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့အောက် အဆင့် ၄ ချိတ်ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ နှစ်သောင်းကျော် ရှိသည့်အနက် ခုနစ်ထောင်ကျော် ဖြေဆိုအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၇၈ ရာနှုန်းဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“ရှင်းရှင်းပြောမယ်ဆိုရင်တော့ တို့ တစ်တိုင်းလုံးမှာရှိတဲ့ ဆရာ၊ ဆရာမတွေ အားလုံးက သင်ကြားရေးကို ကျေကျေပွန်ပွန်နဲ့ ဆောင်ရွက်ကြလို့ အခုလိုအောင်ချက်တက်တာဆိုတော့ ဂုဏ်ယူစရာပေါ့။ နောက်နှစ်တွေမှာလည်း ဒီလိုမျိုးပဲ ဂုဏ်ယူနိုင်အောင် ဆက်ကြိုးစားရမယ့် သဘောတော့ရှိတာပေါ့”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။

ယမန်နှစ်က တနင်္သာရီတိုင်းသည် အောင်ချက်ရာနှုန်း ၃၀ ဒသမ ၅၁ ရာနှုန်းရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အဆင့် ၁၁ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

ယခုနှစ်တွင် အောင်ချက်မြင့်မားလာသည့်နည်းတူ နောက်နှစ်တွင်လည်း အောင်ချက် မြင့်မားရေးအတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက်၊ ဆရာ၊ ဆရာမများ ကို သင်ကြားရေးစွမ်းရည်မြှင့်ပေး မည် ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

တနင်္သာရီတိုင်းသည် ယခုနှစ် အောင်ချက်ရာနှုန်း မြင့်တက်လာသော်လည်း ဂုဏ်ထူးရရှိမှုမှာ ယမန်နှစ်ထက် သိသိသာသာ လျော့နည်းခဲ့သည်။

ယမန်နှစ်က ၆ ဘာသာ ဂုဏ်ထူးရှင် နှစ်ဦးအပါအ၀င် ဂုဏ်ထူးထွက်သူ ၁၈၇၆ ဦး ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၆၇၈ ဦးသာ ရှိသည်။

ဘာသာရပ်အလိုက်တွင်လည်း ယမန် နှစ်က ဘောဂဗေဒ ဘာသာတွင် ဂုဏ်ထူးအများဆုံးထွက်ခဲ့ကြပြီး ဂုဏ်ထူးထွက်သူ ၁၄၃၈ ဦးအထိ ရှိခဲ့သည်။

ယခုနှစ်တွင်လည်း ဘောဂဗေဒဘာသာတွင် ဂုဏ်ထူးအများဆုံးထွက်ခဲ့သော်လည်း ယင်းဘာသာတွင် ဂုဏ်ထူးထွက်သူ ဦးရေမှာ ၃၅၇ ဦးသာ ရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် အလိုက်တွင်မူ ထားဝယ်မြို့နယ်က အောင်ချက်ရာနှုန်း အများဆုံးဖြစ်ပြီး ၄၀ ဒသမ ၉၂ ရာနှုန်းအထိ ရှိခဲ့သည်။

မြိတ်မြို့မှာ ဒုတိယအောင်ချက်အများ ဆုံးဖြစ်ပြီး တနင်္သာရီမြို့နယ်မှာအောင်ချက် အနည်းဆုံး ဖြစ်သည်။

ခရိုင်အလိုက်တွင်နှိုင်းယှဉ်ပါကထားဝယ်ခရိုင်သည် အောင်ချက်အများဆုံး ဖြစ်ပြီး ကော့သောင်းခရိုင်သည် အောင်ချက်အနည်းဆုံး ဖြစ်သည်။

ကော့သောင်းခရိုင်အတွင်း အဆင့် တိုးကျောင်းများတွင် အထက်တန်းပြ ဆရာ၊ ဆရာမများကို ရာနှုန်းပြည့် ခန့်ထား မပေးနိုင်သေးခြင်း၊နယ်စပ်ဒေသဖြစ်သောကြောင့် ကျောင်း သား၊ ကျောင်းသူများ ပညာရေးကို စိတ်ဝင်စားမှု နည်းပါးခြင်းတို့ကြောင့် အောင်ချက် နည်း ခြင်းဖြစ်နိုင် ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ဝိဇ္ဇာဘာသာတွဲတွင် တနင်္သာရီ တိုင်းအတွင်း အများဆုံးရရှိခဲ့သည့်အမှတ် မှာ ၅၂၂ မှတ် ဖြစ်သည်။ ဘာသာစုံ ဂုဏ်ထူး ထွက်သည့် အ.ထ.က ၁ မြိတ်မှ ကျောင်းသား မောင်သက်ဆွေလင်းက ရရှိခဲ့ခြင်း ဖြစ်သည်။

ဝိပ္ပံဘာသာတွဲတွင် တနင်္သာရီတိုင်း အတွင်း အများဆုံးရရှိခဲ့သည့်အမှတ်မှာ ၄၈၁ မှတ်ဖြစ်ပြီး မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ဝဏ္ဏလင်းက ရရှိခဲ့သည်။

ဝိဇ္ဇာဘာသာတွဲတွင်မူ တနင်္သာရီတိုင်းအတွင်း အများဆုံးရရှိခဲ့သည့်အမှတ်မှာ ၃၉၈ မှတ်ဖြစ်ပြီး အ.ထ.က ၂ မြိတ်မှ မောင်ဟိန်းဇေယျာစိုးက ရရှိခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း များကိုယခုအပတ်အတွင်းစတင် ထုတ် ပေးမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ စာစစ်ဌာနများတွင် လျှောက်ထားနိုင်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းတွင် အောင်ချက် အများဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး ၃၇.၅၄ ရာနှုန်းရှိခဲ့သည်။

အောင်ချက်အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး ၁၉.၅၉ ရာနှုန်းသာ ရှိခဲ့သည်။