ထားဝယ်တွင်လမ်း/ရေမြောင်းနှင့် မလွတ်သည့် တိုင် ၆၀ ခန့်ရှိ

0
608

ထားဝယ်တွင် လမ်း/ရေမြောင်းနှင့် မလွတ်ကင်းသည့် လျှပ်စစ်တိုင်၊ ဆက်သွယ်ရေးတိုင် စုစုပေါင်း ၆၀ ခန့်ရှိကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လမ်း/ရေမြောင်းနှင့် မလွတ်သည့် အဆိုပါတိုင် အရေအတွက်ကို သိနိုင်ရန် မြို့နယ်စည်ပင်ကော်မတီ၊ လျှပ်စစ်ဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့ဖြင့် ပြီးခဲ့သည့် မေလကုန်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

“အဓိကက ရေစီးရေလာပိတ်ဆို့နေတဲ့ ရေမြောင်းထဲ ကျနေတဲ့ဟာတွေ၊ အိမ်ရှင်တွေက အကြံပြုတဲ့ဟာတွေ တိုင် ၆၀ လောက် သွားတွေ့ရတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကြိုးမသွယ်ရသေးသည့် ဆက်သွယ်ရေး တိုင်အချို့ကို ကုမ္ပဏီဘက်က ပြန်နှုတ်နေပြီဖြစ်ပြီး လျှပ်စစ်နှင့် MPT ကဲ့သို့ အစိုးရဌာနပိုင် တိုင်များကိုမူ ပြန်နုတ်/ ပြောင်းရွေ့ရန် သက်ဆိုင်ရာ ဌာနများက အဆင့် ဆင့်တင်ပြနေရသည့်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

ကွင်းဆင်းရာတွင် လမ်း/ရေမြောင်းနှင့် မလွတ်ဘဲ စိုက်ထူထားသည့်တိုင်များတွင် ဆက်သွယ်ရေးတိုင်များ အပြင် လျှပ်စစ်မီးတိုင်များလည်း ပါဝင်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

Dawei Watch