ကျောက်တွင်းကမ်းခြေတွင် မြေလွတ်၊ မြေလပ် လျှောက်ထားမှု ဒေသခံ ငါးဆယ်ကျော် ကန့်ကွက်

0
670

လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်တွင်း ကမ်းခြေတွင် ခရီးသွားလုပ်ငန်း၊ အပန်းဖြေ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန် မြေလွတ်၊ မြေလပ်လုပ်ကိုင်ခွင့် လျှောက်ထားမှုအပေါ် ကျောက်တွင်းရွာ ဒေသခံ ငါးဆယ်ကျော်က လက်မှတ်ထိုးကာ ကန့်ကွက်လွှာ တင်ထားကြောင်း အထက်ပါမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း)ထံမှ သိရသည်။

လောင်းလုံးမြို့နယ်၊ ကျောက်တွင်း ကျေးရွာရှိ ပင်လယ်ကမ်းခြေတွင် ခရီးသွားလာရေးလုပ်ငန်း၊ အပန်းဖြေ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း ၃၇၀ ဧကကို ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လုပ်ကိုင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်။

လုပ်ကိုင်ခွင့်လျှောက်ထားမှုအပေါ် မေလ ၂ ရက်မှ မေလ ၃၁ ရက်အတွင်း ကန့်ကွက်လွှာ တင်နိုင်ကြောင်း မြို့နယ်မြေစာရင်းရုံးက ကြေညာထားသည်။

ကန့်ကွက်နိုင်ကြောင်း ကြေညာစာကို မြေတည် ရှိရာ ကျေးရွာ၊ မြို့နယ် မြေစာရင်းရုံး၊ ထွေအုပ်ရုံး အစရှိသည့် နေရာများတွင်ကပ် ထားကြောင်း လောင်းလုံးမြို့နယ် မြေစာရင်းဦးစီးမှူး ဦးအောင်ထွေးက ပြောသည်။

မေလ ၂၉ ရက်တွင် ဒေသခံ ၅၁ ဦး လက်မှတ် ထိုးထားသည့် ကန့်ကွက်လွှာ ၂ စောင် လာတင် ထားကြောင်း ၎င်းက ဆိုသည်။

“ကန့်ကွက်လွှာကို ခရိုင်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနကို (မေလ)၂၉ ရက်မှာပဲ တစ်ခါတည်း ပို့လိုက်ပြီ”ဟု ဦးအောင်ထွေးက ပြောသည်။

အဆိုပါမြေနေရာတွင် ဓားမဦးချ လုပ်ကိုင်နေသည့် ဒေသခံတောင်သူများကိုကုမ္ပဏီ ဘက်က တွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းမရှိဘဲ မြေလွတ်၊ မြေလပ်လျှောက်ထား ခြင်းဖြစ်ပြီး ဒေသ ခံတောင်သူများထိခိုက်နစ်နာမှုများ ဖြစ်လာနိုင်ကြောင်းကန့်ကွက်လွှာတွင် ဖော်ပြထားသည် ဟု ၎င်းက ဆိုသည်။

အဆိုပါနေရာကို NAN YIN MOM AUNG GEMS ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးစိုင်း မျိုးဝင်းအမည်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပဲ့စင်ကျွန်းကို လုပ်ကိုင်ခွင့်လျှောက်ထားသည့် ဦးစိုင်း မျိုးဝင်း၏ နေရပ်လိပ်စာတူညီနေသည်။

ယခုနှစ် နှစ်ဆန်းပိုင်းက ဧက ၁၄၀ ရှိ ပဲ့စင်ကျွန်း ကို Excellent Fortune Development Group ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်း အမည်ဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဧက ၁၃၈ ရှိသည့် ကျောက်တွင်း ကမ်းခြေရှိ အခြားနေရာကိုလည်း ရတနာစိုင်းကျောင်း မြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းအမည်ဖြင့်ပင် လျှောက်ထားခဲ့သည်။

Dawei Watch