ဆီးဂိမ်းပြိုင်ပွဲအတွက် တနင်္သာရီက ပဏာမကစားသမားတစ်ဆယ်ကျော် ရွေးချယ်ထား

0
639

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် တနင်္သာရီတိုင်းမှ အားကစားသမား ၁၄ ဦးကို ပဏာမ ကစားမားအဖြစ် ရွေးချယ်ထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ဘောလုံး၊ ဘတ်စကစ်ဘော၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကရာတေး၊ ဂျူဒို၊ ရွက်လှေ စသည့် အားကစားနည်း ၇ မျိုးအတွက် အမျိုးသား အားကစားသမား ၆ ဦးနှင့် အမျိုးသမီး အားကစားသမား ၈ ဦးကို ပဏာမလက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ် ထားခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“လက်ရှိအထိတော့ ၁၄ ဦး ရှိတယ် ပေါ့နော်။ ဆီးဂိမ်းနီးလာရင်တော့ အပြောင်းအလဲရှိမယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ယင်းရွေးချယ်ထားသည့် အားကစား သမားများသည် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များတွင် စခန်းဝင်လေ့ကျင့်လျက်ရှိကြောင်း ၎င်းက ပြောသည်။

အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို နိုဝင်ဘာလ တွင် ကျင်းပမည် ဖြစ်သည်။

၂၉ ကြိမ်မြောက် မလေးရှားနိုင်ငံ ဆီးဂိမ်းတွင် တနင်္သာရီတိုင်းမှ အားကစား သမား ၈ ဦး ပါဝင်သည်။

ယင်းတို့အနက် အမျိုးသမီး ကရာတေးကစားသမားနှစ်ဦး ကြေးတံဆိပ်ဆွတ်ခူးပေးခဲ့ဖူးပြီး ၂၈ ကြိမ် မြောက် စင်ကာပူနိုင်ငံ ဆီးဂိမ်းပြိုင်ပွဲတွင်မူ တနင်္သာရီတိုင်းမှ အမျိုးသမီး ဂျူဒိုကစား သမား တစ်ဦးက ရွှေတံဆိပ်ဆွတ်ခူးသည်။

ကျော်သူစိုး