အလယ်တန်းနှင့် အထက်တန်း ညနေလေးနာရီမှ ကျောင်းဆင်းရမည်

0
1644
ဓာတ်ပုံ - ဝေယံစိုး

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများသည် ယခု ပညာသင်နှစ်မှစပြီး ညနေလေးနာရီမှ ကျောင်းဆင်းရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံး ထံမှ သိရသည်။

အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ယခင်က တစ်နေ့ စာသင်ချိန် ၇ ချိန် သတ်မှတ်ထားရာမှ ယခုပညာသင်နှစ်တွင် စာသင်ချိန် တစ်ချိန် ထပ်တိုးကာ ၈ ချိန် သတ်မှတ်လိုက်သဖြင့် ညနေလေးနာရီမှ ကျောင်းဆင်းရခြင်း ဖြစ်သည်။

ယခုနှစ်ပညာသင်နှစ်တွင် စတင်ကျင့်သုံးသည့် စနစ်သစ်ပညာရေး ဆဌမတန်း (Grade 6) စာသင်ချိန်ကို ရှစ်ချိန် သတ်မှတ်ထားသောကြောင့် အလယ်တန်း နှင့် အထက်တန်းကိုပါ စာသင်ချိန် ရှစ်ချိန် ကို တိုးလိုက်ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“စာသင်ချိန် တစ်ချိန်ကို ၄၅ မိနစ် အရင်တိုင်းပဲ။ တစ်နေ့ကိုတော့ ရှစ်ချိန်ဖြစ် သွားတာပေါ့။ ဆိုတော့ အရင်ကထက် ၄၅ မိနစ် ထပ်တိုးလာတယ်လေ။ ထပ်တိုးလာတော့ ကျောင်းတက်ချိန်စောမလား၊ နောက်ကျမှ ဆင်းမလားဆိုတာ ဖြစ်လာတယ်။ နောက်ဆုံးတော့ နောက်ကျမှ ကျောင်းဆင်း မယ်ဆိုပြီး (ပညာရေးဝန်ကြီးဌာနက) သတ်မှတ်လိုက်တာ”ဟု ၎င်းက ရှင်းပြသည်။

ထပ်တိုးလိုက်သည့် စာသင်ချိန်တွင် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ အားကစားနှင့်ကာယပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ)၊ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်း စသည်တို့ကို သင်ကြား ပေးရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

စာသင်ချိန်ထပ်တိုးလိုက်သဖြင့် ခရီးဝေးမှလာရောက်ကျောင်းတက်ရ သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် သွားရေး၊ လာရေး အခက်အခဲရှိလာမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အတွင်းရှိ ဆရာ/ ဆရာမအချို့က ဖွင့်ဟကြသည်။

“ညနေလေးနာရီမှ ကျောင်းဆင်းတယ် ဆို စဉ်းစားကြည့်။ မိုးကြီး၊ လေကြီးတဲ့နေ ဆယ်မိုင် ဆယ့်ငါးမိုင်လောက်ကနေပြီး ကျောင်းလာတဲ့သူတွေ ဘယ်လိုနေမလဲ။ မှောင်နေပြီလေ။ သွားရေး၊ လာရေး အဆင် ပြေအောင် စီစဉ်ပေးထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ”ဟု အလယ်တန်းပြ ဆရာမ တစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း နေအိမ်မှ မိုင်ဆယ်ချီအကွာတွင်ရှိသည့်ကျောင်းများသို့ တက်ရောက်နေရသည့် ကျောင်းသူ၊ ကျောင်းသားများလည်းရှိသည်။

ကျော်သူစိုး