အဋ္ဌမတန်း ပြဋ္ဌာန်းစာအုပ်ပါ ကဗျာပယ်ဖျက်သည်ကို ဆရာအချို့ မသိသေး

0
1070

အခြေခံပညာ အဋ္ဌမတန်း(Grade 9) မြန်မာကဗျာလက်ရွေးစင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်ပါ လက်ဆောင်ကဗျာကို ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ပညာသင်နှစ်ထုတ် ပြဋ္ဌာန်းစာအုပ် တွင် ထည့်သွင်းခြင်းမရှိဘဲ ပယ်ဖျက်ထားသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်ထုတ် အဋ္ဌမတန်း မြန်မာကဗျာလက်ရွေးစင် ပြဋ္ဌာန်းစာအုပ်တွင် စာဆိုမယ်ခွေ ရေးသားထားသည့် လက်ဆောင်ကဗျာ အပါအ၀င် ကဗျာ ၁၄ ပုဒ် ပါဝင်သည်။

ယခု ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပြဋ္ဌာန်းစာအုပ်တွင်မူ လက်ဆောင်ကဗျာကို ပယ်ဖျက်ထားပြီး ယင်းကဗျာအစား စာရေးသူ ဦးကြော့သမီးမအိ၏ အေးခွင့်မဖန် ကဗျာကို အစားထိုးထားပြီး စုစုပေါင်း ကဗျာ ၁၄ ပုဒ်ပင် ပါဝင်သည်။


ထားဝယ်မြို့ရှိ အဋ္ဌမတန်း မြန်မာစာ သင်ဆရာမ အချို့ကမူ ပထမ သုံးလပတ် အတွင်း သင်ကြားရမည့် သင်ခန်းစာများ ကိုသာ လေ့လာနေသဖြင့် ယင်းလက်ဆောင် ကဗျာကို ပယ်ဖျက်လိုက်သည့်အကြောင်းကို မသိရှိသေးကြောင်း ပြောသည်။

“(လက်ဆောင်ကဗျာ) မပါတော့ဘူး ဆိုတာ အခုထိ လုံးဝသတိမထားမိသေး ဘူး။ အဋ္ဌမတန်းက သင်ရိုးအဟောင်း ဆိုတော့ အရင်ကဗျာတွေပဲ ထင်နေတာ။ အခုဆိုရင် ကဗျာအသစ်ကို ဘယ်လိုသင်ရမလဲ ဆိုတာတောင် မသိတော့ဘူး”ဟု ထားဝယ် မြို့ရှိ အဋ္ဌမတန်း မြန်မာစာ ဆရာမတစ်ဦးက ပြောသည်။

ယင်းကဗျာပယ်ဖျက်လိုက်သည်ဆို သည့် ကိစ်္စကို အခြေခံပညာ ဦးစီးဌာန အနေဖြင့်လည်း တစ်စုံတစ်ရာ ညွှန်ကြား လာခြင်းမျိုး မရှိသေးကြောင်း တိုင်းပညာရေး မှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာ တွင်မူယင်းကဗျာသည် ကျောင်းသား များ ဆေးလိပ်သောက်ခြင်းကို အားပေးရာကျ သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက် ခြင်းဖြစ်သည်ဟု ပြောဆိုနေပြီး ယင်းသို့ ပယ်ဖျက်လိုက်သည့်အပေါ် ဝေဖန် ထောက်ပြမှုများလည်း ရှိနေသည်။

“ဒီကဗျာကြောင့် ကလေးတွေ ဆေး လိပ် စွဲနိုင်တယ်ဆိုတဲ့အချက်ကိုတော့ လက်မခံနိုင်ဘူး။ ဆေးလိပ် စွဲခြင်း၊ မစွဲ ခြင်းသည် ကိုယ်ကျင့်တရားနဲ့ပဲ ဆိုင်တယ် လို့ ယူဆတယ်”ဟု ထားဝယ်မြို့Top Land ဘော်ဒါဆောင် တည်ထောင်သူ မြန်မာစာဆရာ ဦးဖိုးကျော်က ပြောသည်။

လက်ဆောင်ကဗျာသည် အင်းဝ နေပြည်တော်သို့သွားမည့်ချစ်သူ အတွက် ပေးလိုက်မည့် ဆေးလိပ်ကို ကိုယ်တိုင် အားစိုက်ထုတ် လုပ်ဆောင်ပေးသည့် ချစ်ခြင်း မေတ္တာကို ပုံဖော်ထားသည့် ကဗျာတစ်ပုဒ် ဖြစ်ကြောင်း ထားဝယ်မြို့ရှိ အဋ္ဌမတန်း မြန်မာစာ ဆရာမတစ်ဦးက ရှင်းပြသည်။

ဆေးလိပ်အကြောင်း ရေးသားထား သည့် လက်ဆောင်ကဗျာကို မြန်မာ့ ဓလေ့ ထုံးတမ်းဟု မမြင်ဘဲ ဆေးလိပ်သောက် သည့် ဓလေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများ နားလည်မှု လွဲနိုင်သည်ဟုဆိုကာ ပယ်ဖျက်ထားခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားထားသည်။

ယင်းကဗျာကြောင့် ကျောင်းသား၊ ကျောင်းသူများ ဆေးလိပ်စွဲနိုင်သည့် အခြေ အနေ ရှိ/မရှိ ခိုင်မာသည့် သုတေသန မရှိဘဲ ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ကျော်သူစိုး