ဒုတိယ လေးလပတ်အတန်းများ

0
292

ဘိလပ်မဟာတန်းကျောင်းသား – ၁၅

ပြည်သူ့ရေးရာမူဝါဒ မဟာတန်းမှာ လျှပ်စစ်တာဘိုင်ဆင်ရမည်လို့ တစ်ခါမျှ မစဉ်းစားမိခဲ့ပါ။ သို့သော် အဲသည်အလုပ် က သဘာဝပတ်ဝန်းကျင်ရေးရာ မူဝါဒဘာသာရပ်မှာ ပါလာသည်။ 

သဘာဝပတ်ဝန်းကျင် မူဝါဒ ဘာသာရပ် မှာ ဒုတိယလေးလပတ် ကြိုက်ရာရွေးသုံး ဘာသာအနက် ရွေးထားသော ဘာသာရပ်တစ်ခု ဖြစ်သည်။

ယခင်အပတ်များတွင် ဖော်ပြခဲ့ ပြီးသည့်အတိုင်း ဒုတိယလေးလပတ်တွင် ကြိုက်ရာရွေးဘာသာရပ် သုံးခု ယူနိုင်သည်။ ပြည်သူ့ရေးရာမူဝါဒ မဟာတန်း ကျောင်းသားများအတွက် ဘာသာရပ် စုစုပေါင်း ၁၅ အနက်တွင်မှ သုံးဘာသာကို ရွေးနိုင်သည်။

များစွာသော ဘာသာရပ်တို့အနက် စီးပွားရေးပညာ၊ သဘာဝပတ်ဝန်းကျင်ရေးရာ မူဝါဒနှင့် မြို့ပြဘာသာရပ်တို့ကို ရွေးချယ် ဖြစ်သည်။ အကယ်၍ ထိုဘာသာ သုံးခု အနက် အခန့်မသင့်ဘဲ တစ်ခုခုကို လက်လွှတ်ရမည်ဆိုပါက တက်နိုင်ရန် အရန် ဘာသာတစ်ခုကိုလည်း ရွေးရသည်။ အရန်ဘာသာကိုမူ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဘာသာကို ရွေးလိုက်သည်။

အရန်ဘာသာကို ရွေးရခြင်းမှာ အကယ်၍ ပင်မရွေးချယ်ထားသော ဘာသာရပ်တစ်ခုခုတွင် ရွေးချယ်တက် ရောက်သည့် သတ်မှတ် ကျောင်းသား အရေ အတွက် မပြည့်ပါက ထိုဘာသာရပ်ကို ကျောင်းက စီစဉ်ပေးနိုင်ခြင်း မရှိတော့သဖြင့် အရန်ဘာသာကို ရွေးရခြင်း ဖြစ်သည်။ ဘာသာရပ်တစ်ခုခုတွင် ရှိသင့်သည့် အနည်းဆုံး ကျောင်းသားအရေအတွက် တိတိကျကျ သတ်မှတ်ထားခြင်း မရှိသော် လည်း ၁၂ ဦးခန့် ရှိလျှင် အဆင်ပြေနိုင် ကြောင်း ကျောင်းတာဝန်ရှိသူ တစ်ဦးက ရှင်းပြဖူးသည်။

သို့သော် ပင်မရွေးချယ်ထားသော ဘာသာရပ်သုံးခု စလုံးပင် အနည်းဆုံး ကျောင်းသားအရေအတွက် ပြည့်မီသည် ထင်သည်။ သုံးခုစလုံး တက်ခွင့်ရသည်။

တကယ်တော့ ရွေးခဲ့သော ဘာသာရပ်သုံးခု၊ အရန်ဘာသာအပြင် အခြား စိတ် ၀င်စားဖွယ်ရာ ဘာသာရပ်များလည်း ရှိသေးသည်။ ဥပမာ မှုခင်းနှင့် တရားရေး စနစ်ဆိုင်ရာ မူဝါဒအကြောင်း ဖြစ်သည်။

ကံကောင်းချင်တော့ မှုခင်းဘာသာရပ်မှာ တက်ရန်ရွေးထားသည့် ဘာသာရပ် တစ်ခုနှင့် တစ်ရက်တည်း ကျနေသည့် အပြင် အချိန်ကလည်း ဆက်တိုက် ဖြစ် နေသည်။ ထိုကြောင့် မှုခင်းဘာသာ ကိုလည်း ဧည့်ကျောင်းသား အနေနှင့် တက်ရန် ဆုံးဖြတ်ချက်သည်။

အတန်းတော်တော်များများတွင် ထိုသို့သော ဧည့်ကျောင်းသားများ ရှိတတ် သည်။ မူဝါဒရေးရာသမားများမှာ တိုင်း ရေးပြည်ရာ ကိစ္စတော်တော်များများကို အခြေခံအားဖြင့် နားလည်ထားရန် လိုအပ်ရာ အချို့သော စိတ်ဝင်စားသော စာသင်ချိန်များကို ဧည့်ကျောင်းသားအဖြစ် တက်နိုင်ရန် ခွင့်ပြုထားသည်။

ဧည့်ကျောင်းသားဆိုတော့ တရားဝင် စာရင်းသွင်းမှတ်ပုံထားသည့် ဘာသာရပ် မဟုတ်သည့်အတွက် သက်ဆိုင်ရာစာရွက် စာတမ်းများ၊ သင်ထောက်ကူ စာအုပ် အညွှန်း၊ ပို့ချချက်များကိုတော့ ၀င်ကြည့် ၀င်ဖတ်ခွင့်မရ။ သို့သော် ထိုအတန်း တက်နေသော သူငယ်ချင်းများတွင် အကူ အညီတောင်းနိုင်သည်။ စာရွက်စာတမ်း များ၊ ဖတ်ညွှန်းများကို သူငယ်ချင်းများက ပို့ပေးသည်။ စာသင်ချိန်ပို့ချချက်ကို အသံဖမ်းယူထားသည့် ဖိုင်မှအပ ကျန်သည့် စာရွက်စာတမ်းများ အားလုံးကို သူငယ် ချင်းများထံမှ အကူတောင်းလိုက်သည်။

ထိုသို့ဖြင့် မှုခင်း အတန်းကို တက် ဖြစ်သွားသည်။ ထိုကြောင့် ဒုတိယလေးလပတ် တွင် တရားဝင်စာရင်းသွင်းထားသည့် အတန်း သုံးတန်းနှင့် မှုခင်း အတန်း စုစုပေါင်း လေးတန်း တက်ဖြစ်သည်။ မှုခင်းအတန်းမှာ ကျောင်းသား ၁၂ ဦး ကျော်မျှသာ ရှိသည်။ သဘာဝပတ်ဝန်းကျင် မူဝါဒရေးရာ အတန်းသည်လည်း ၁၂ ဦးကျော်ရုံသာ။

ကျောင်းသား အများဆုံး ဘာသာရပ် များမှာ စီးပွားရေးပညာ၊ မြို့ပြနှင့် ပြည်သူ့ ရေးရာ စီမံအုပ်ချုပ်ရေး ဘာသာရပ်တို့ ဖြစ်သည်။ ကျောင်းသား ၃၀ မှ ၃၅ ဦး အထိ ရှိသော ဘာသာရပ်များ ဖြစ်သည်။

မှတ်မှတ်ရရ သဘာဝပတ်ဝန်းကျင် ရေးရာ အတန်းတွင် လျှပ်စစ်တာဘိုင်ဆင် သည့်နေ့က အတန်းထဲ စောရောက်နေသည်။ တီရှပ်အင်္ကျီဝတ်ထားသော ကောင်လေး တစ်ယောက် အတန်းရှေ့မှာ အလုပ်ရှုပ် နေသည်။ ၀က်အူလှည့်တွေ၊ မော်တာ ထုပ်တွေနဲ့ အတန်းရှေ့ ဆရာကိုင်သည့် ကွန်ပျူတာကို ကိုင်သည်ပြုသည်ကိုလည်း တွေ့လိုက်သည်။ ဆိုတော့ စာသင်ခန်း ကွန်ပျူတာနှင့် သင်ထောက်ကူ ပစ္စည်း ပျက်သဖြင့် လာပြင်သူ ဖြစ်မည်ဟု ထင်လိုက်သည်။

သို့သော် မနက် ၉ နာရီ အတန်း စတော့မှာ သူက ထိုတစ်ပတ်တွင် စွမ်းအင် ဆိုင်ရာ တရားမျှတမှုအကြောင်း ဆွေးနွေး မည့် ဆရာဖြစ်နေသည်။ လျှပ်စစ် အင်ဂျင်နီယာဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရ ထားပြီး နီပေါ၊ နိုင်ရူဘီလို နိုင်ငံများတွင် ကျေးလက်တွင် လျှပ်စစ်ထုတ်ရန် လေ့လာ နေသူ၊ ကူညီနေသူ ဖြစ်သည်။

လျှပ်စစ်နှင့် လူမှုဘ၀ ချိတ်ဆက်မှု အကြောင်းကို သူက စပြောသည်။ ထိုနောက် လျှပ်စစ်တာဘိုင်အသေးဆင်ရန် ကျောင်း သားများကို အလုပ်ပေးတော့သည်။ သူ့တွင် တာဘိုင်အသေးလေး ငါးလုံးပါလာ သည်။ ယင်းနှင့် ဆက်စပ်သော မော်တာ၊ မီးသီးနှင့် ၀ိုင်ယာကြိုးများ ပါလာသည်။ ၀က်အူလှည့်တွေကတော့ ယင်းပစ္စည်းများ တပ်ရာတွင် အသုံးပြုရန် ဖြစ်သည်။

ကျောင်းသားများကို နှစ်ယောက်တွဲ သုံးယောက်တွဲဖြင့် တစ်စစီဖြုတ်ထား သော လျှပ်စစ်ဓာတ်အားပေး တာဘိုင်တစ်ခု ဖြစ်လာရန် ပြန်ဆင်ရသည်။ ပေးချင် သည့် သတင်းစကားက လျှပ်စစ်ဓာတ်အား ပေးရန် တာဘိုင်တစ်ခု ဆင်ရသည်မှာ အဲသည်လောက် မခက်။ အသေးစား လျှပ်စစ်ဓာတ်အားများ တစ်နိုင်တစ်ပိုင် တပ်နိုင်သည်။ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် ဝေးလံခေါင်ဖျားဒေသ များတွင် လျှပ်စစ်မီး ရအောင် ကြံဆောင်နိုင် သည်ဟု ဖြစ်သည်။

အုပ်စုလိုက် လျှပ်စစ်တာဘိုင်ဆင် သည်၊ တပ်ပြီးသွားတော့ တာဘိုင်လေးကို လက်ဖြင့် ခပ်ပျင်းပျင်းလေး လှည့် ပေးသည်။ (တကယ်လက်တွေ့ကျ ဖို့ဆိုလျှင် လက်ဆေးစင်က ရေပိုက်ကို ဖွင့်ပြီး အဲဒီအောက်မှာ တာဘိုင်လေး သွားထားပြီး လည်ခိုင်းရင် ကောင်းမလား စဉ်းစားမိသည်။ ဒါမှ ရေအားတာဘိုင် ဖြစ်မပေါ့လေ) မီးလေးလင်းလာတော့ အခြေခံပညာကျောင်းသား ကျောင်းသူ တွေလို “ဟေး” ခနဲ အော်ကြသည်။

တကယ်တော့ ကိုယ်တိုင် ထားဝယ်မှာ နည်းပညာကောလိပ်တက်ခဲ့ပြီး လျှပ်စစ် စွမ်းအား ဘာသာရပ် ယူခဲ့တုန်းက အဲလိုမျိုး မကြုံခဲ့ရ။ ထိုစဉ်က အစမ်းသပ်ခံ စနစ်အကြား ဖတ်စာအုပ်ပင် မမှန်သည့် အခြေအနေနှင့် ကျောင်းတက်ခဲ့ရသည် ကို ပြန်အမှတ်ရမိသည်။

ကိုယ်တွေက နဂိုက ခပ်ပျင်းပျင်းဆို တော့ အခြားကျောင်းသားကျောင်းသူတွေ လို ရန်ကုန်မှ ဖတ်စာအုပ် မိတ်္တူလှမ်းမှာပြီး ဖတ်ခဲ့တာမျိုးလည်း မရှိခဲ့။ ဒီလိုပဲ ဖာသိဖာသာ နေခဲ့သည်။ ဒီလိုနဲ့ပဲ ကျောင်း ၂ နှစ် ပြီးသွားပြီး အဝေးသင်တက္ကသိုလ်ကို လွင့်သွားခဲ့သည်။

အခုတော့မှ မူဝါဒဆိုင်ရာ မဟာတန်း တက်တော့မှ သူနဲ့ကျမှ တိုက်တိုက်ဆိုင် ဆိုင် လျှပ်စစ်ထုတ်ခြင်းနှင့် လာဆုံသည်။

သဘာဝပတ်ဝန်းကျင် မူဝါဒ အတန်း တွင် နောက်ထပ်စိတ်ဝင်စားစရာ ကိစ္စ တစ်ခုမှာ ဘရစ္စတိုမြို့မှ သုံးလေးဘူတာ သာဝေးသော ရွာငယ်လေးကို ခရီးထွက်ရ ခြင်း ဖြစ်သည်။ စီးပွားရေးပညာ အတန်း တွင်တော့ အစိုးရနှင့် အတိုက်အခံတို့ ငြင်းခုံရသော မူဝါဒရေးရာ အချေအတင် ဆွေးနွေးပွဲတစ်ရပ် ကို သရုပ်ဖော်ရသည်။

ကျန်ရှိသည့် အတန်းများကတော့ စာသင်ချိန် နှင့် မေးမြန်းဆွေးနွေးချိန်များ သက်သက်သာ ဖြစ်သည်။

ကိုယ်ကြိုက်ကိုယ်ရွေးဘာသာရပ်များ ဖြစ်သဖြင့် စိတ်ဝင်စားဖွယ်ကောင်း လှသော်လည်း အင်္ဂလန်ဆောင်းက လူကို ပျင်းရိထိုင်းမှိုင်းစေသည်။

တစ်ချိန်လုံး မိုးအုံ့နေတတ်ပြီး တစ်ခါခါ မိုးဖွဲဖွဲလေး ရွာတတ်သည်။ လေတိုက်လျှင် တော့ ပိုအေးသည်။ ဇန်န၀ါရီလကုန် အပတ် စတင်သော ဒုတိယလေးလပတ် အတန်းများမှာ ဧပြီလဆန်းတွင် စာသင်ချိန်တွေပြီးသည်။

မတ်လကုန်အထိတော့ ဆောင်းကို ပျင်းရိစွာ ဖြတ်သန်းရဦးမည်။

ဖစု