အငြင်းပွား ကော့သောင်း ရေပေးဝေရေး စီမံကိန်းနေရာသို့ ခရိုင်မှ ကွင်းဆင်းမည်

0
579

ကော့သောင်းမြို့ ၁၄ မိုင်ရွာ ရေပေး ဝေရေးစီမံကိန်းဧရိယာအတွင်း ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံများ ပါဝင်နေ သည်ဆိုသည့် ကိစ္စကိုယခုလအတွင်းကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

ယင်းစီမံကိန်းမြေနေရာမှာ ပါချန် ကြိုးဝိုင်းသစ်တောမြေဖြစ်ပြီ ရေပေးဝေရေး စီမံကိန်းပြုလုပ်ရန် ၁၄ မိုင်ရွာချောင်ရိုး အထက်ဘက်ရှိ မြေ ၁၉၈ ဒသမ ၉၀ ဧကကို Good  Water(Kawthung)(G.W.K) ကုမ္ပဏီက ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည်။

ငှားရမ်းလုပ်ကိုင်ခွင့်ပြုသူမှာ ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီလမှစ၍ ၅ နှစ် ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားသည်။

ယင်းစီမံကိန်းဧရိယာအတွင်း ဒေသခံတောင်သူ ၁၅ ဦး၏ ရော်ဘာ၊ ကွမ်းနှင့် အခြား စိုက်ပျိုးပင်များ ပါဝင်သည့် ဥယျာဉ်ခြံ ဧက ၇၀ ကျော် ပါဝင်နေကြောင်း တောင်သူတို့က ပြောကြသည်။

တောင်သူတို့က ဥယျာဉ်ခြံ စိုက်ပျိုးပင် များအတွက် ထိုက်သင့်လျှော်ကြေးရလိုကြောင်း ၀န်ကြီးချုပ်၏ ကော့သောင်းခရီးစဉ်တွင် တင်ပြကြသည်။

ထိုကြောင့် ယင်းကိစ္စကို တိကျစွာသိရှိရန် ယခုလ တတိယအပတ်ခန့်တွင် ကွင်းဆင်းစစ်ဆေးသွားမည်ဟု ကော့သောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

“ဆင်းကြည့်ရမှာပေါ့၊ ပြည်သူတွေ အမှန်တစ်ကယ် ဖြစ်နေတယ်ဆိုတာ။ ကွင်းဆင်းမှပဲ ဂဃနဏ သိရမယ်””ဟု ဦးနေဦးက ပြောသည်။

လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် တောင်သူများကို ဇွန်လ ၁၃ ရက် နောက်ဆုံးထား၍ လူရှိလျှင် ထွက်ခွာပေးရန်၊ ပစ္စည်းများ သိမ်းဆည်း သွားကြရန် (G.W.K)ကုမ္ပဏီဘက်မှ တောင်သူ များကို ပြောဆိုထားသည်။

လက်ရှိ လုပ်နိုင်သည့် လုပ်ငန်းများ စတင်ဆောင်ရွက်ကာ ပွင့်လင်းရာတွင် စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ပြီး ယင်းနေရာတွင် စိုက်ပျိုးထားသူများ မဖယ်ပေးပါက ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဟု (G.W.K) ကုမ္ပဏီ ဒါရိုက်တာ ဦးလှဦးက ပြောဆိုထားသည်။

ကော့သောင်းမြို့၏ စံနှုန်းမီသောက် သုံးရေလိုအပ်ချက်ကို ဖြည့်ပေးနိုင်ရန် ယင်းနေရာတွင် ၂၀၁၃ ခုနှစ်ကတည်းက ကွင်းဆင်းလေ့လာမှု ပြုထားပြီး တောင်သူများက ရေပေးဝေရေးအတွက် ကွင်းဆင်းထား သည်ကို သိလျက်အတင်းဝင်ရောက် ကျူးကျော် စိုက်ပျိုးခြင်းသာဖြစ်ကြောင်း ဦးလှဦးက ပြောဆိုထားသည်။

တောင်သူများကမူ ယင်းနေရာများ တွင် ၂၀၀၃ ခုနှစ်ခန့်မှစ ၀င်ရောက်စိုက်ပျိုး ခဲ့ကြပြီး တောမီးလောင်မှုကြောင့် စိုက်ပျိုးပင်များ ပျက်စီးသွားကာ မီးမလောင်ဘဲ ကျန်ခဲ့သည့် စိုက်ပျိုးပင်ကြီးများအား ယခုထိတိုင် သက်သေပြနိုင်ဆဲဖြစ်ကြောင်း ပြောကြသည်။

ကြားနှစ်များတွင် ဆီအုန်းကုမ္ပဏီ တစ်ခုက လာရောက်မြေနေရာသတ်မှတ်မှု ကြောင့် စိုက်ပျိုးမှု ရပ်ထားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပြန်လည်ဝင်ရောက် စိုက်ပျိုးခဲ့ကြပြီး ယခုအချိန် တွင် ကွမ်းပင်အချို့ အသီးများပင်သီးနေ ကြပြီဟု ဆိုကြသည်။

“ကွင်းဆင်းမယ်ဆို မြန်မြန်ဆင်းစေချင်တယ်”ဟု စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် ဥယျာဉ်ခြံတွင် လုပ်ကိုင် နေသူ ကိုဝင်းသိန်းထွန်းက ဆိုသည်။

Dawei Watch