မြိတ်ကမ်းနားလမ်းတွင် ကဏန်းရုပ် ထားမည်

0
548

မြိတ်မြို့ ကမ်းနားလမ်းနှင့် ကွက်သစ် လမ်းထောင့် ကြက်လျှာစွန်းတွင် ထားရှိ မည့် ကဏန်းရုပ်တုအကြီးတစ်ကောင်နှင့် အငယ်နှစ်ကောင်အား ပုံဖော်လျက်ရှိ သည်။

ကဏန်းလက်မအရှည် ၄ ပေစီနှင့် ကိုယ်ထည် ၈ ပေ ရှိသည့် ဂဏန်းကြီး တစ်ကောင်နှင့် လက်မအရှည် ၂ ပေစီနှင့် ကိုယ်ထည် ၃ပေရှိသည့် ကဏန်းငယ် နှစ်ကောင်အား ပြုလုပ်ပုံဖော်နေကြောင်း ယင်းကဏန်းရုပ်များ ပုံဖော်နေသည့် ပန်းချီ ပန်းပုပညာရှင် ဦးအေးကိုက ပြောသည်။

ယင်းကဏန်းရုပ်များကို ယခုနှစ် မေလတွင် စတင်ပြုလုပ်ခဲ့ပြီး လက်ရှိတွင်ငါးဆယ်ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း ဦးအေးကိုက ဆိုသည်။

“လုပ်ရတာမလွယ်ဘူး အချိုးအစား တွေက အနုစိတ်ဆန်ပြီး လက်ဝင်တယ်”ဟု ၎င်းက ပြောသည်။

အချိုးအစားမှန်ကန်စေရန်အတွက်  ကဏန်းအရှင်တစ်ကောင် ၀ယ်ယူမွေးမြူ ကာ ၎င်း၏ အချိုးအစားအတိုင်း ဖိုင်ဘာဖြင့် ပုံဖော်နေကြောင်း ဦးအေးကိုက ပြောသည်။

မြို့သာယာလှပရေးအတွက် အဆိုပါ ကဏန်းရုပ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

ကဏန်းရုပ်များအတွက် ကျပ်သိန်း ၇၀ ခန့် ကုန်ကျမည်ဖြစ်ပြီး မြို့ခံစေတနာရှင်များ၏ ထည့်ဝင်ငွေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကိုဆန်း