ကျွန်းစုတွင် ဆိပ်ခံနှင့်ဗောတံတား အကြားသံမဏိဆိပ်ခံတံတားအတွက် ၂၀၂၀ -၂၀၂၁ မှသာဘတ်ဂျက် လျာထားမည်

0
493

ကျွန်းစုမြို့ဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့် ဗောတံတားအကြားသံမဏိဆိပ်ခံတံတား ဆောက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲသည့် အချိန်မှသာ ထည့်သွင်းလျာထားနိုင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောသည်။

ယင်းဆိပ်ကမ်းတွင် ဆိပ်ခံတံတား နှင့် ဗောတံတားအကြား အကျယ် ၁၅ ပေ ခန့်ရှိသဖြင့် သစ်သားပြားတံတား (ကုန်း ဘောင်) နှစ်ခုဖြင့် ခရီးသည်များ အတက်အဆင်း ပြုလုပ်နေရခြင်း ဖြစ်သည်။

ဇွန်လ ၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အဝေးတွင် အထက်ပါဆိပ်ကမ်း၌ ခရီးသွားများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် ပေါင်းကူးတံတား အသေး၂ စင်း သို့မဟုတ် ကြားခံ သံမဏိဆိပ်ခံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ ဒုဝန်ကြီးဦးကျော်မျိုးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သံကူကွန်ကရစ် ဆိပ်ခံဧရိယာကို  ပြန်လည်ပြုပြင်ခြင်းနှင့် သံမဏိဆိပ်ခံ ဗောအသစ်တစ်လုံးတပ်ဆင်ခြင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ရန်ပုံငွေချထားပေးပါက အကောင် အထည်ဖော်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်ရေးဆွဲချိန် မှသာ ထည့်သွင်းလျာထားနိုင်မည်ဟု ဦးကျော်မျိုးက ဆိုသည်။

ယင်းဆိပ်ကမ်းတွင် နေ့စဉ် ခရီးသည် တစ်ထောင့်ငါးရာခန့် အန္တရာယ်အကြား အတက်အဆင်းပြုလုပ်နေရကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောကြားခဲ့သည်။

“ရေကျနေတဲ့အချိန်ဆိုရင် လက်ရန်းတန်း(မျောလုံးအသေးတစ်လုံး၏ တစ်ဖက်တစ်ချက်တွင် လူတစ်ဦးစီ ကိုင်ပေးခြင်း) လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက်လက်ချင်းဆက်ဆွဲတင်ပေးတာတို့ လုပ်နေ ရတယ်”ဟု ကျွန်းစုမြို့ခံတစ်ဦးဖြစ်သူ ဦးငွေလွင်က ပြောသည်။

မြိတ်မှ ကျွန်းစုမြို့သို့ နေ့စဉ် အမြန်ရေယာဉ် အသွားအပြန် လေးခေါက်နှင့် သစ်သားခွံစက်လှေနှစ်စီးက အလှည့်ကျ (တစ်ရက်စီ) ပြေးဆွဲနေကြောင်း အမြန်ရေယာဉ်အသိုင်းအ၀ိုင်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)