ငါးမဖမ်းရရာသီတွင် ခိုးဖမ်းသည့် လှေများအားထိရောက်စွာဖမ်းရန်လိုဟု ရေလုပ်ငန်းရှင်များပြော

0
3705

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်း သည့်လှေများအား ထိထိရောက်ရောက် ဖမ်းဆီးရန် လိုအပ်ကြောင်း မြိတ်ခရိုင်ရှိ ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။

ယခုနှစ်တွင် ဇွန်လမှ သြဂုတ်လ အထိ ၃ လ ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေ အားလုံးကို ဖမ်းဆီးခွင့်ပိတ်ထားခြင်း ဖြစ်သည်။

လိုင်စင်မရှိဘဲ ခိုးဆွဲကြသည့်လှေများ၊ ကမ်းနီးဟုအမည်တပ်ထားသော လှေကြီးများ၊ နာမည်ဖုံးအုပ်ကာ ခိုးဆွဲကြ သည့်လှေများနှင့် လိုင်စင်တစ်ခုတည်းကို မိတ္တူပွားထားသည့်လှေများအား သက်ဆိုင်ရာနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ကြပ်ကြပ်မတ်မတ် စစ်ဆေးဖမ်းဆီးပေးစေ လိုကြောင်း မြိတ်ခရိုင်ရှိ ငါးဖမ်းလှေလုပ် ငန်းလုပ်ကိုင်သူအချို့က ဆိုသည်။

“လိုင်စင်ရှိတဲ့ လှေတွေ ပိတ်ပြီး လိုင်စင် မရှိတဲ့ လှေတွေပင်လယ်ပြင်မှာ ပရမ်းပတာ ငါးဖမ်းနေရင်တော့ အလကား ပဲ”ဟု အသက် ၅၀ ကျော်အရွယ် ပဲ့နင်းတစ်ဦးက ပြောသည်။

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီး ရရှိမှု တစ်နှစ်ထက်တစ်နှစ်နည်းလာ သည့်အတွက် ငါးသယံဇာတ မပြုန်းတီး ရေး ရေလုပ်ငန်းလုပ်ကိုင်ကြသူအားလုံးက နားလည်သဘောပေါက်ကာ ရေရှည် အတွက်ရပ်နားခဲ့ကြခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ရှိ ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူအချို့က ဆိုသည်။

“ပိတ်ထားတဲ့ကာလ သူတို့ကောင်း ကောင်းမွန်မွန် ထိန်းချုပ်နိုင်ပါ့မလား ဆို တာ သူတို့အပေါ်မှာ မူတည်နေပါတယ်”ဟု ကမ်းဝေး၀ါလတ်လှေ ပဲ့နင်းကြီး ဦးတင့်လွင်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ငါးမဖမ်းရရာသီ အတွင်း ကမ်းဝေးငါးဖမ်းလှေ ၂၀ ရာခိုင်နှုန်း ကို ဖမ်းဆီးခွင့်ပြုထားပြီး ယင်းကာလ အတွင်း ငါးခိုးဖမ်းသည့်ကမ်းဝေးလှေ မရှိခဲ့ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း ဦးစီး ဌာနရုံးမှ သိရသည်။

ယခုနှစ် ငါးမဖမ်းရရာသီတွင် ခိုးဖမ်း သည့် ကမ်းဝေးလှေများကို  ဖမ်းမိလျှင် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု ထုတ်ပြန် ကြေညာထားကြောင်း တနင်္သာရီတိုင်းငါး လုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း၌ ကမ်းဝေး ငါးဖမ်းလှေ ၁၄၀၀ ကျော်ရှိပြီး လက်ရှိ အချိန်တွင် လှေအားလုံး ကမ်းသို့ ပြန်လည် ၀င်ရောက်လာကြပြီ ဖြစ်ကြောင်း တနင်္သာရီ တိုင်းငါးလုပ်ငန်းရှင်များအဖွဲ့ချုပ်ထံမှ သိရသည်။

ကိုဆန်း