လောင်းလုံး အပန်းဖြေဧရိယာ ပြီးစီးမည့်အချိန် မသိရသေး

0
608
လောင်လုံးမြို့ပေါ်ရှိ အပန်းဖြေစခန်းဆောက်ရန်သတ်မှတ်ထားသည့်မြေနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

လောင်းလုံးမြို့ (က)ရပ်ကွက်ရှိ အင်းဖျားကန်ကို တူးဖော်ကာ လုပ်ဆောင်နေသည့် အများပြည်သူအပန်းဖြေဧရိယာ ပြီးစီးမည့်အချိန်ကို အတိအကျမသိရသေးကြောင်းလောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းအပန်းဖြေရိယာကို အစိုးရမှ ချပေးသည့် ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး တစ်ဆင့်ခြင်း လုပ်ဆောင်နေရခြင်းဖြစ်သော ကြောင့် ပြီးစီးမည့်အချိန်ကို အတိအကျမပြောနိုင်ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သူက ဆိုသည်။

“လောလောဆယ်တော့ အခြေခံ လိုအပ်ချက်လေးတွေ ရှိနေသေးတာမို့လို့ ဖွင့်ပွဲအနေနဲ့တော့ မလုပ်နိုင်သေးဘူးပေါ့။ ရှိနေတဲ့ အားကစားပစ္စည်းလေးနဲ့တော့ လာသုံးနေတဲ့သူတွေတော့ ရှိတယ်ပေါ့ နော်” ဟု ၎င်းက ဆိုသည်။

ယင်းအပန်းဖြေဧရိယာကို တိုင်းအစိုးရနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းအပန်းဖြေ ဧရိယာကို ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှ စတင်လုပ်ဆောင်ခဲ့ပြီး အရိပ်ရသည့် သစ်ပင်များ စိုက်ပျိုးခြင်း၊ အနားယူမည့်ခုံများ တပ်ဆင်ခြင်း၊ ကလေး ကစားကွင်းအချို့ တပ်ဆင်ခြင်း စသည်တို့ လုပ်ဆောင်ရန် ကျန်နေသေး ကြောင်း အထက်ပါဌာန မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်သူက ပြောသည်။

လက်ရှိတွင် ယင်းအပန်းဖြေဧရိယာအတွင်း လျှောက်လမ်းများ ခင်းခြင်း၊ ခြံစည်းရိုးကာရံခြင်းတို့ကို လုပ်ဆောင် ထားပြီးဖြစ်ကြောင်း ဦးကျော်သူက ပြောသည်။

ယင်းအပန်းဖြေဧရိယာမှာ ၂ ဧကနီးပါး ခန့်ကျယ်ဝန်းကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး