လမိုင်းမြို့အွန်လိုင်းငွေစု လေလံမဲကိစ္စ မဲထည့်သူနှင့် မဲလုပ်ကိုင်သူတို့ အပြန်အလှန် အမှုဖွင့်

0
576

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းငွေစု လေလံမဲကိစ္စနှင့် ပတ်သက်ပြီး ငွေစု လေလံမဲထည့်သူတို့နှင့် လေလံမဲလုပ်ကိုင် သူတို့ အပြန်အလှန် အမှုဖွင့်ထားကြသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လမိုင်းမြို့တွင် မေလ ၂၁ ရက်က ငွေစုလေလံမဲလုပ်ကိုင်သူတစ်ဦးဖြစ်သည့် မခိုင်ယဉ်မွန်မှ ငွေထုတ်ပေးရမည်ကို ထုတ် မပေးနိုင်သည်ကစပြီး လူစုလူဝေးဖြစ်လာကာ မေလ ၂၂ ရက်တွင် မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကို ၀ိုင်းဝန်း ရိုက်နှက်ကြသည့်အပြင် အိမ်ကိုဝင်ရောက် လုယက် ဖျက်ဆီးသည်အထိ လုပ်ဆောင် လာသည့် အတွက် ရဲတပ်ဖွဲ့ကပါ လုံခြုံရေးယူထားရသည်။

ယင်းအခြေအနေဖြစ်ပွားပြီးနောက် လေလံမဲလုပ်သူ မခိုင်ယဉ်မွန်တို့ လင်မယား နှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလိုက်ပြီး နောက် လေလံမဲထည့်ထားသူအစုအဖွဲ့တို့က ၎င်းတို့လင်မယားအား အမှုဖွင့်ထားကာ မခိုင်ယဉ်မွန်မှလည်း ၎င်း၏နေအိမ်နှင့် မိဘဆွေမျိုးများနေအိမ်အား ဖျက်ဆီးသူ ပစ္စည်းလုယက်သူများကိုလည်း အမှုဖွင့်ထားသည်ဟု မွန်ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူး(ဦးစီး) မြင့်ဝင်းက ပြောသည်။
“မဲထည့်တဲ့အစုအဖွဲ့ကနေ ပုဒ်မ ၃ ခုနဲ့ အမှုတွဲ ၃၀ အမှုဖွင့်ထားတယ်၊ မခိုင်ယဉ်မွန်ဘက်ကလည်း သူ့နေအိမ်၊ သူ့အမျိုးအိမ်တွေ ဖျက်ဆီးခံရလို့ ပြန်ပြီး အမှုဖွင့်ထားတာရှိတယ်၊ အဲဒီလူတွေကို ဖမ်းဆီးရမိဖို့ လောလောဆယ် စိစစ်နေဆဲ ပဲ။ ဖမ်းမိထားတာလည်း ရှိတယ်။ မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကိုတော့ ရေးမြို့မ ရဲစခန်းမှာ ချုပ်ထားပါတယ်”ဟု ရဲမှူး (ဦးစီး) မြင့်ဝင်းက ပြောသည်။

မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကို လေလံမဲထည့်အစုအဖွဲ့တို့မှ တရားလို ပြုလုပ်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀၊ ၄၀၆ ဖြင့် အမှုတွဲ ၂၇ မှုနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ) ဖြင့် အမှုတွဲ ၃ မှုတရားစွဲထားကြောင်း ၎င်းက ပြောသည်။

လေလံမဲလုပ်ကိုင်သူ မခိုင်ယဉ်မွန် မှလည်း ၎င်း၏နေအိမ်နှင့် မိဘဆွေမျိုးနေ အိမ်များအား ဖျက်ဆီးခြင်း၊ ပစ္စည်းလုယက် ခြင်းခံရသဖြင့် ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှုတွဲ ၃ မှုဖွင့်ထားပြီး မခိုင်ယဉ်မွန်နှင့် ဆွေမျိုးတော်စပ်သူ မငြိမ်းသာယာမှလည်း ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှု ၁ မှု ဖွင့်ထားသည်။

“ခိုင်ယဉ်မွန်မှာ ထည့်ထားတဲ့စုမဲတွေ က တစ်ယောက်မှ မရသေးဘူး။ အမှုဖွင့် ထားကြတယ်။ လောလောဆယ်တော့ လူတွေက ငြိမ်နေကြတယ်” ဟု ငွေစု လေလံမဲတွင် ငွေကျပ်သိန်းဂဏန်းထည့် ၀င်ခဲ့သည့် မ၀င်းက ပြောသည်။

မေလ ၂၁ ရက်နှင့် ၂၂ ရက်က လူစုလူဝေးဖြစ်ပွားခဲ့သည့် လမိုင်းမြို့၌ လက်ရှိ အခြေအနေတွင် တည်ငြိမ်နေသော်လည်း လူစုလူဝေးမှု လူအုံကြွမှု ပြန်ဖြစ်လာမည် ကို စိုးရိမ်သည့်အတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားရဆဲ ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး)က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကလည်း အဆိုပါ ငွေကြေးကိစ္စနှင့် ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်လုပ်ခြင်း၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်လာခဲ့မည်ဆိုပါ က မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အဆင့် လိုက် ဆောင်ရွက်ရန် ညွှန်ကြားထားသည် ဟု ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယ တစ်နှစ် တာ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ယဉ်စနိုင်း

ဆက်စပ်သတင်းများ

လမိုင်းမြို့ အွန်လိုင်းငွေစုကိစ္စ လူစုလူဝေးဖြစ်၊ လေလံမဲလုပ်သူကို ရဲတပ်ဖွဲ့ ထိန်းသိမ်းထားhttp://www.daweiwatch.com/2019/05/28/news/18673