တနင်္သာရီဂျာနယ်အမှု တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထား

0
551

တနင်္သာရီဂျာနယ်အမှုအတွက် ဇွန်လ ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုလျှောက် ထားခဲ့သည်။

တနင်္သာရီဂျာနယ်တွင် မဲဆွယ်အပြုံး သရော်စာဖော်ပြမှုကြောင့် တနင်္သာရီတိုင်း အစိုးရက စွဲဆိုသည့်အမှုကို ထားဝယ်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ်ငါးသိန်း ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းနောက် ထားဝယ်ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးက ပလပ်သည့်အမိန့် ချခဲ့သည်။

လက်ရှိတွင် မြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးက ချမှတ်သည့် အမိန့် အပေါ်တရားလွှတ်တော်ထံ ပြင်ဆင်မှု လျှောက်ထားရာ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်က ရာဇ၀တ်ပြင်ဆင်မှု အမှတ် ၃၉/ ၂၀၁၉ ဖြင့် လက်ခံခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“(လာမည့်ရုံးချိန်းတွင်) နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ပေးရမှာပါ”ဟု တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

နောက်ရုံးချိန်းကို တိုင်းတရားလွှတ်တော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြိုတင် ကြေညာပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့နယ်တရားရုံးက ချမှတ်ခဲ့ သည့် အမိန့်မှာ မျှတမှုမရှိဟု ယူဆသည့် အတွက် ပြင်ဆင်မှုလျှောက်ထားခြင်းဖြစ် ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏မဲဆွယ် အပြုံးသရော်စာသည် တနင်္သာရီတိုင်း ၀န်ကြီးချုပ် (ဟောင်း)နှင့်တိုင်းအစိုးရအဖွဲ့ ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆို ခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်တွင် ထားဝယ် မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်း ဖြစ် သည်။

ကိုဇော်