လမ်းပေါ်ရောက် ကျွဲ၊ နွားတစ်ကောင် ဒဏ်ငွေကျပ်နှစ်သိန်းနှုန်း အကြောင်းကြားသူ ဆုငွေ ကျပ် တစ်သိန်း

0
9329
ဓာတ်ပုံ - ကိုဆန်း

မြိတ်မြို့နယ်အတွင်းရှိ အဝေးပြေး လမ်းပေါ်တွင် ကျွဲ၊ နွား၊ ဆိတ်များလွှတ် ထားပါက တစ်ကောင်လျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ပိုင်ရှင်အား ဒဏ်ရိုက်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

အဝေးပြေးလမ်းမပေါ်တွင် နေ့ညမရွေး လွှတ်ထားသည့် ကျွဲ၊ နွားများကြောင့် ယာဉ်မတော်တဆမှုများ မကြာမခဏ ဖြစ်ပွားနေသည့်အတွက် ပိုင်ရှင်များကို အရေးယူရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဝင်းသူအောင်က ဆိုသည်။

“အရေးယူတာကတော့ ရပ်/ကျေးဥပဒေ၊ စည်ပင်ဥပဒေ၊ အမြန်လမ်းဥပဒေတွေ အားလုံးနဲ့ အရေးယူလို့ ရတယ်။ အဲဒါတွေ ကိုချုပ်ပြီး ဒေသန္တရအမိန့် နဲ့အရေးယူသွား မယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

အဝေးပြေးလမ်းပေါ်တွင် ကျွဲ၊ နွား၊ ဆိတ်၊ ၀က်များ တွေ့ပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အကြောင်း ကြားနိုင်ပြီး အကြောင်းကြားသူကို တစ်ကောင်လျှင် ကျပ်တစ်သိန်းချီးမြှင့်မည်ဖြစ်ကြောင်း ဦးဝင်းသူအောင်က ပြောသည်။

“ဖမ်းဆီးပြီး ၅ ရက်အတွင်းပိုင်ရှင် မပေါ်ပေါက်ဘူးဆိုရင် နိုင်ငံတော်ပိုင် အဖြစ် သိမ်းယူသွားမယ်”ဟု ၎င်းက ဆို သည်။

လက်ရှိအချိန်၌ ယင်းကဲ့သို့ အရေးယူ နိုင်ရန် အဝေးပြေးလမ်းနံဘေးတစ်လျှောက် နှင့်ရွာအတွင်း လမ်းဆုံလမ်းခွများ၌ အသိ ပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ပြုလုပ်ကာ ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကာ ဇွန်လကုန်သည်အထိ ပညာပေးကာလ အဖြစ်သတ်မှတ်ထားကြောင်း ဦးဝင်းသူအောင်က ပြောသည်။

ပညာပေးကာလအလွန် ဇူလိုင်လမှ စတင်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျွဲ၊ နွားများအား မည်သည့်ကျေးရွာအုပ်စုမှဖြစ်ကြောင်း အလွယ်တကူသိ ရှိနိုင်ရန် ၎င်းတို့ ၏ကိုယ်ထည်၌ ဆေးဖြင့် အမှတ်သင်္ကေတများရေးဆွဲသွားမည်ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့်ဌာနဆိုင်ရာအသီးသီး ပါဝင်သည့် လမ်းပေါ်လွှတ်ကျောင်းထားသည့်တိရစ္ဆာန် ဖမ်းဆီးထိန်းသိမ်းရေး ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

Dawei Watch