သရက်ချောင်းတွင် စည်ပင်စီမံခွင့်ရှိ သည့်လမ်း ပြည်သူသဘောတူမှ ချဲ့မည်

0
559

သရက်ချောင်းမြို့နယ် စည်ပင် သာယာရေးကော်မတီက စီမံခန့်ခွဲခွင့်ရှိ သည့် မြို့တွင်းလမ်းနှင့် ကျေးရွာတွင်း လမ်းများကို ယင်းလမ်းနှင့်သက်ဆိုင်သည့် ပြည်သူများ သဘောတူမှ ချဲ့မည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။

ယခင်က လမ်းချဲ့မည်ဟုဆိုကာ တိုင်းစည်ပင်သာယာရေးအဖွဲ့ထံ ရန်ပုံငွေ တင်ပြပြီးချိန်မှ ပြည်သူများက လမ်းချဲ့ရန် သဘောမတူသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ ဖူးကြောင်း ဦးသန်းမြင့်က ပြောသည်။

ယင်းကဲ့သို့ လမ်းချဲ့ရန် ပြည်သူများ သဘောမတူပါက ခွင့်ပြုချက်ရပြီးသား ရန်ပုံငွေများကို တိုင်းစည်ပင်သာယာရေး အဖွဲ့ထံ ပြန်အပ်နှံရသဖြင့် လာမည့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်မှစပြီး ပြည်သူက သဘောတူပြီးသည့် လမ်းများအတွက်သာ ရန်ပုံငွေတင်ပြတောင်းခံတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လည်း မှာထားတယ်။ လမ်းချဲ့မယ်ဆိုရင် သဘောတူတယ်ဆိုတဲ့ ထောက်ခံချက် အရင် ရအောင်လုပ်ပါလို့။ ပြီးမှ ဦးစားပေး ဘယ်လမ်းတွေချဲ့မယ်ဆိုပြီး တင်ပြကြပါ လို့မှာထားတယ်” ဟု ဦးသန်းမြင့်က ပြောသည်။

မြို့တွင်းလမ်းနှင့် ကျေးရွာတွင်းလမ်း များချဲ့မည်ဆိုပါက ၂၀ ပေ မှ ၂၄ ပေ အကြား လိုအပ်မည်ဖြစ်ပြီး ချဲ့မည့်လမ်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စာရင်း တောင်းခံထားကြောင်း ၎င်းက ပြောသည်။

Dawei Watch