ထားဝယ်တွင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်မည့် ဒေသခံများကို ကူညီမည်ဟု DDPC ကုမ္ပဏီ ထုတ်ပြန်

0
815

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်လို သည့် ဒေသခံများကို ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီများပေးမည် ဖြစ်ကြောင်း DDPC ကုမ္ပဏီက ထုတ်ပြန် လိုက်သည်။

ထားဝယ်ဒေသခံများ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းချိုသာစွာဖြင့်ရရှိရန်အတွက် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်မည့် ဒေသခံမည်သူ့ကိုမဆို လိုအပ်သည့်ငွေကြေး အလုံအလောက် ကူညီ ထောက်ပံ့ပေးမည်ဖြစ်ပြီး ဂက်စ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရရှိရန်နှင့် ဓာတ်အားအလေအလွင့်လျှော့ချနိုင်ရေး အတွက် နည်းလမ်းများပံ့ပိုးပေးမည်ဖြစ်ကြောင်း ဇွန်လ ၈ ရက် ညနေ ၄ နာရီခန့်တွင်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

“ဒေသမီးလင်းရေးအတွက် အဓိက ကူညီပေးချင်တာပါ။ ကုမ္ပဏီရဲ့ အကျိုးအမြတ်အတွက် လုံးဝမပါဘူး။ ဒေသမှာ လျှပ်စစ်မီးနဲ့အခက်အခဲတွေ့နေချိန်မှာ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိနေတဲ့ သဘောပါ” ဟု DDPC ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်ဇော်ဟိန်းက ပြောသည်။

ဒေသအတွက် စေတနာရှိပြီး ပြည်သူများ လက်ခံနိုင်သည့်နှုန်းဖြင့် လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် ဒေသခံ လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်တင်ဒါခေါ်ယူချိန်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေသခံလုပ်ငန်းရှင်များအား အခြားဒေသမှ လာရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရန် အထိ လိုအပ်သည့် အကူအညီများပေးမည် ဖြစ်ကြောင်း ဦးအောင်ဇော်ဟိန်းက ဆို သည်။

လက်ရှိထားဝယ်တွင်GGS ကုမ္ပဏီ ကို အောက်တိုဘာလ၀န်းကျင်အထိ လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း ယာယီလုပ်ကိုင်ခွင့်ပြုထားပြီး ယင်းကာလ အတွင်း တင်ဒါပြန်ခေါ်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

DDPC ကုမ္ပဏီသည် ယခင်က ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးပြီး မကြာမီ ခေါ်ယူမည့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါကိုမူ DDPC ကုမ္ပဏီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

Dawei Watch