ဆင်တုပ်ကွေးရောဂါထက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုလုပ်ဆောင်မည်ဟုဆို

0
858

ဆင်တုပ်ကွေးရောဂါထက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးကို ပိုလုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရပကန) ထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ခြင်ကျားမှတစ်ဆင့် ကူးစက်သည့် သွေးလွန်တုပ်ကွေး ရောဂါသည် ဇန်န၀ါရီလမှစတင်၍ လည်းကောင်း၊ ဆင်တုပ်ကွေးရောဂါသည် မတ်လမှ စတင်၍ လည်းကောင်း ဖြစ်ပွားနေပြီး ယနေ့အထိ ယင်းရောဂါနှစ်ခု ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဆင်တုပ်ကွေးရောဂါမှာ အသက် အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိဘဲ သွေးလွန် တုပ်ကွေးရောဂါမှာ အသက်အန္တရာယ်ကို ထိခိုက်နိုင်သဖြင့် သွေးလွန် တုပ်ကွေး ရောဂါကာကွယ်ရေးကို ပိုလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာ နန္ဒာဝင်းက ပြောသည်။

ယင်းအပြင် ခြင်ဆေးအရည်မှာ အိမ်ခြေခြောက်ထောင်ခန့်သာဖျန်းနိုင်သည့် ၁၅၀ လီတာခန့်သာရှိသည့်အတွက်ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် အိမ်အနီးဝန်းကျင်များအတွက်သာ အသုံးပြုနေပြီး ဖုံးသွန်လဲစစ်လုပ်ငန်းနှင့် အသိပညာပေး လုပ်ငန်းကို လုပ်ဆောင် နေကြောင်း ဒေါက်တာ နန္ဒာဝင်းက ပြောသည်။

ဆင်တုပ်ကွေးရောဂါအတွက် ခြင်ဆေး အရည်ကို စာသင်ကျောင်းများတွင်သာ အသုံးပြုမည်ဖြစ်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယခင်က တစ်ပတ်တစ်ကြိမ် လုပ်ဆောင်နေရာမှ ယခု တစ်ပတ်နှစ်ကြိမ် လုပ်ဆောင်ရန်နှင့် အသိပညာပေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် သက်ဆိုင်ရာ မြို့နယ်များကို ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။


“ခြင်းဆေးမှုတ်တဲ့လုပ်ငန်းအတွက် အစိုးရဘတ်ဂျက်လည်း မရှိဘူး။ ကျွန်တော့် အနေနဲ့ကလည်း ဆေးမှုတ်တဲ့လုပ်ငန်းကို သွေးလွန်တုပ်ကွေးဖြစ်တဲ့ဘက်မှာအား ထည့်ချင်တယ်။ ဆင်တုပ်ကွေးကျတော့ အကိုက်အခဲပျောက်ဆေးသောက် လိုက်တာနဲ့ ပျောက်တယ်လေ”ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့ခံအချို့ကမူ ဆင်တုပ်ကွေး ဖြစ်ပွားနေသည့် နေရာများတွင် ခြင်ဆေး မဖျန်းသည့်အပေါ် ဝေဖန်ပြောဆို နေကြသည်။

တိုင်းအတွင်း ယခုနှစ် ဇန်န၀ါရီလမှ မေလအထိ ငါးလတာအတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော် (၁၀၃၇) ရှိခဲ့ပြီး ယင်းတို့အနက် ၂ ဦး သေဆုံးခဲ့ကြောင်း ရ.ပ.က.န စာရင်းအရ သိရသည်။

ဆင်တုပ်ကွေးရောဂါဖြစ်ပွားသူ စာရင်းကိုမူ ကောက်ယူထားခြင်း မရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရပကန) ထံမှ သိရသည်။

Dawei Watch