သာလွန်မင်းကြီး မရိုက်တော့ပါ

0
1126
ဓာတ်ပုံ - ဝေယံစီုး

ညောင်ရမ်းခေတ်၏ ထင်ရှားသော မင်းတစ်ပါးဖြစ်သည့် သာလွန်မင်း
(သီရိသုဓမ္မရာဇာ မဟာအဓိပတိ)ကို နှောင်းလူတို့က ထမင်းရည်ကိစ္စနှင့် တွဲမှတ်ထားတတ်ကြသည်။

သာလွန်မင်း တိုင်းခန်းလှည့်လည်စဉ် လမ်းပေါ် ထမင်းရည်ငှဲ့ချနေသော သူဆင်းရဲမကို တွေ့သဖြင့် ကြိမ်ဒဏ် ပေးကာ ဆုံးမသည်။ ထမင်းရည်ကို ကလေးများအား အဆာပြေ တိုက်ကျွေးနိုင်ကြောင်း သွန်သင်ကာ သူဆင်းရဲမကို ငွေထောက်ပံ့သည်။

ထိုအကြောင်းကို မူလတန်းတွင် သင်ခဲ့ဖူးကြပါလိမ့်မည်။

ထမင်းကို အခြေခံအစားအစာ အဖြစ် ချက်ပြုတ်စားသုံးသည့် မြန်မာနိုင်ငံတွင် သာလွန်မင်းကြီး မတိုင်မီကပင် ထမင်းရည် သောက်သုံးသည့်ဓလေ့ ရှိခဲ့ပါလိမ့်မည်။

သူဆင်းရဲတို့ သာမဟုတ်၊ အယုတ်၊ အလတ်၊ အမြတ်မရွေး ထမင်းရည် သောက် ခဲ့ကြပါလိမ့်မည်။

ယခု အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဒေါ်သီးကြွယ်သည်လည်း ငယ်စဉ် ကတည်းက သူ၏မောင်နှမ ငါးဦးစလုံး ထမင်းရည် သောက်ခဲ့ရဖူးကြောင်း ပြောသည်။

“အဖွားတို့အမေ ပြောဖူးတာကတော့ နို့စို့အရွယ်ကတည်းက ပေးသောက်တယ် လို့ ပြောတယ်။ နို့ဘူးသဘောမျိုး သောက်ခဲ့ရတာပေါ့”ဟု ဒေါ်သီးကြွယ်က ပြောသည်။

လောင်းလုံးမြို့နယ် ဆင်ကူးပြင် ကျေးရွာနေ ဒေါ်သီးကြွယ်၏ သားသမီး ၄ ဦး ကိုလည်း ထမင်းရည်တိုက်ခဲ့ကြောင်း ဒေါ်သီးကြွယ်က ဆိုသည်။

ငယ်စဉ်ကတည်းက ထမင်းရည် သောက်လာခဲ့ဖူးသည်ဆိုသည့် မြိတ်မြို့ အောင်မင်္ဂလာရပ်နေ အသက် ၃၈ နှစ်ရှိ မသင်းကတော့ ထမင်းရည်သောက်ရမှ အားရသည်အထိ ဖြစ်ခဲ့ဖူးပြီး အနည်းငယ် အေးလာချိန်တွင် တက်လာသည့် ထမင်းရည်မလိုင်ဖတ်ကို ပိုကြိုက်သည်ဟု ဆိုသည်။

“ထမင်းရည်ဆို စွဲတောင် စွဲဖူးတယ်။ သောက်လိုက်ရမှလည်း ၀မ်းလေးသွား သလိုမျိုး”ဟု မသင်းက ပြောသည်။

အမေဖြစ်သူက သရေစာအဖြစ် ညနေတိုင်း တိုက်ကျွေးသဖြင့် ငယ်ငယ် ကတည်းက ထမင်းရည်ကို ဆားခတ်သောက် ခဲ့ရသည်ဆိုသော ကော့သောင်းမြို့ အောင်သုခရပ်ကွက်နေ အသက် ၅၅ နှစ် အရွယ် ဦးလှမင်းကမူ သူသောက်ပြီး ကျန်သည်ကိုပင် မသွန်ပစ်ဟု ပြောသည်။

“လူက အရင်သောက်ပြီး ပိုတာ အိမ်အောက်က ခွေးအတွက်ပဲ” ဦးလှမင်းက ပြောသည်။

သရက်ချောင်းမြို့ ကျောက်မြောင်းရပ် ကွက်နေ ဒေါ်စန်းမြိုင်ကတော့ ထမင်းရည်သည် အာဟာရပြည့်ဝသည်၊ ၀မ်းအေး သည်ဟူသဖြင့် တစ်ခါတလေတွင် သောက် ဖြစ်ခဲ့သော်လည်း အခုနောက်ပိုင်းတွင် လေရောဂါရှိသဖြင့် မသောက်ဖြစ်တော့ ဟု ဆိုသည်။

၎င်း၏သားသမီးများကိုလည်း ထမင်းရည် မတိုက်ဟု ဆိုသည်။

“ထမင်းရည်က လေပွတယ်လေ၊ ကလေးတွေကို နို့ဘူးတိုက်မွေးခဲ့ရတာ ဆိုတော့ ထမင်းရည်တော့ မတိုက်ဖူးဘူး၊ ဘာလို့လည်းဆိုတော့ ကလေးတွေ လေပွတာတို့ ဗိုက်နာတာတို့ ဖြစ်မှာစိုးလို့”ဟု ဒေါ်စန်းမြိုင်က ဆိုသည်။

အများစုကမူ ဒေါ်စန်းမြိုင်ပြော သကဲ့သို့ ထမင်းရည်သည် လေပွတတ် သည်၊ ဗိုက်နာတတ်သည်ဟု ပြောဆိုကြ၊ ရေးသားကြသည်မျိုး မတွေ့ရဘဲ ထမင်းရည်၏ကောင်းကျိုးကိုသာ ရေးသား၊ ပြောဆိုကြပါသည်။

ထမင်းရည်ကို ထောပတ်၊ သကြား၊ ဆားတို့ မထည့်ဘဲ သဘာဝအတိုင်း သောက်သည်က ပိုကောင်းသည်ဟု ဆိုပါသည်။


ထမင်းရည်ကို အလှအပအတွက်လည်း သုံးနိုင်သည်ဟု ပြောကြပါသည်။
အအေးခံထားတဲ့ ထမင်းရည်နှင့် ခေါင်းလျှော်ပါက ဆံသားတောက်ပြောင်ကာ ဆံပင်သန်ပြီး သန်းရှိက ကျစေသည်ဟု ဆိုပါသည်။

ရနံ့သင်းစေဖို့အတွက်ဆိုလျှင် လာဗန်ဒါ အဆီ (သို့) အခြား အမွှေးဆီတွေကို ထည့်ပြီး ထမင်းရည်ကို ဆံပင်မှာ သုတ် လိမ်းပြီး ၁၀ မိနစ်ခန့် ထားပြီးမှ သန့်စင်အောင် လျှော်ရပါမည်။ တစ်ပတ် ၁ ကြိမ် (သို့) ၂ ကြိမ် ဆံပင်ပေါင်းတင်ပေးနိုင် ပါသည်။

ထမင်းရည်၏ ကြည်နေသည့် အဖြူရောင်အပိုင်းကို ယူပြီး မနက်၊ ညနေ မျက်နှာပေါင်းတင်နိုင်ပါသေးသည်။

လက်ရှိကာလ တနင်္သာရီတိုင်း၏ နေရာဒေသအတော်များများတွင်မူ ထမင်း ရည်ကိုအလှအပကိစ္စတွင် အသုံးချရန် မဆိုထား၊ အဆာပြေရေး၊ အာဟာရဖြစ် ရေးပင် မသောက်သုံးကြတော့ပါ။

“ရပ်ကွက်ထဲမှာ ထမင်းရေသောက် နေတဲ့ကလေးတွေတောင် မမြင်ဖူးတော့ ဘူး” ဟု မြိတ်မြို့ မြို့သစ်ရပ်ကွက်မှ ကိုဦးက ပြောပါသည်။

ထမင်းရည်မသောက်တော့သည့် အဓိကအကြောင်းအရင်းတစ်ခုမှလျှပ်စစ် ပေါင်းအိုးဖြင့် ထမင်းချက်သူ များလာခြင်းကြောင့်ဟု ဆိုကြပါသည်။

“လျှပ်စစ်ထမင်းအိုးနဲ့ချက်ကြတော့ မြေးတွေက မေးတယ်၊ ထမင်းရည်ဆိုတာ ဘာလဲအဖိုး ဆိုပြီး” ကော့သောင်းမြို့မှ ဦးလှမင်းက ပြောသည်။

ဟုတ်ပါသည်။

တချို့ကလေးများ ထမင်းရည်၏ အာဟာရဖြစ်မှုကို မဆိုထား၊ အရသာကိုပင်တီးခေါက်မြည်းစမ်းခွင့် မရတော့ပါ။

“မသောက်ဖူးဘူး။ စာမှာတော့သင် ဖူးတယ်။ အာဟာရဖြစ်တယ်ဆိုလား မြင်လည်း မမြင်ဖူးဘူး။ ဆန်ပြုတ်လောက်ပဲ သောက်ဖူးတယ်”ဟု ကော့သောင်း သီရိမြိုင်ရပ်ကွက်နေ အသက် ၁၅အရွယ် မနှင်းဝေေ၀လှိုင်က ပြောသည်။

လျှပ်စစ်ထမင်းအိုးဖြင့် ထမင်းချက် သူများအနေဖြင့် ထမင်းရည်လိုအပ်ပါက ရေပိုထည့်ချက်ကာ ထမင်းနှပ်ခါနီးတွင် ထမင်းရည်ခပ်ထုတ်နိုင်ကြောင်း ရေးသား အကြံပြုမှုအချို့ ရှိပါသည်။

သို့သော် လျှပ်စစ်ထမင်းအိုးဖြင့် ထမင်းမချက်သည့် ရပ်ရွာအချို့တွင်ပင် ထမင်းရည် ခံသောက်သည့် အလေ့အထ ကွယ်ပျောက်လာပြီ ဖြစ်ပါသည်။

သာလွန်မင်းကြီး လက်မှိုင်ချ ရတော့မည့် ခေတ်ရောက်ရှိနေပြီ ဖြစ်သည်။

ကိုးကား

၁) ထမင်းရည်နှင့် ကျန်းမာရေး၊ ပေါက်ပေါက်၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများဂျာနယ်၊

၂) www.drmyanmar.com၊ Dr. Mya Myo Myo Swe

တနင်္သာရီသတင်းအဖွဲ့