လျှပ်စစ်ကို မူဝါဒ ရှုထောင့်မှ စဉ်းစားခြင်း

0
561

နိုင်ငံတစ်ခု၊ ဒေသတစ်ခုကို တိုင်းသူပြည်သားတို့၏ အကျိုးအလို့ငှာ စီမံခန့်ခွဲ ရာတွင် နိုင်ငံသူနိုင်ငံသားများ မဖြစ်မနေ လိုအပ်သော ကုန်စည်နှင့် ၀န်ဆောင်မှုများ ၏ အရေးပါပုံကို သဘောပေါက်ထားရန် များစွာ အရေးကြီးသည်။

နိုင်ငံသူ နိုင်ငံသားများ သာယာဝပြောရေးကို အခြေခံများ တည်ဆောက်ရာတွင် စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး တို့ကိုအဓိက အခြေပြုလေ့ရှိသည်။ ထိုသို့သော အခြေခံ ကုန်စည်နှင့် ၀န်ဆောင်မှုများကို ဆင်းရဲချမ်းသာမရွေး လက်လှမ်းမီရရှိ နိုင်ရေး အစိုးရက စီမံလုပ်ဆောင်ရလေ့ ရှိသည်။

ယင်းသို့သော ကုန်စည်နှင့် ၀န်ဆောင်မှုများအနက် လျှပ်စစ်မီးသည် ခေတ်သစ် လူအဖွဲ့အစည်းတွင် ထိုအခြေခံအရေး အားလုံးနှင့် တိုက်ရိုက်သက်ဆိုင်နေသော မဟာဗျူဟာကျသည့် ၀န်ဆောင်မှု ဖြစ်လာသည်။

ထို့အပြင် ဘောဂဗေဒပညာရပ်တွင် လျှပ်စစ်သည် Natural Monopoly ဟုခေါ်သည့် အလိုအလျောက်အားဖြင့် ဈေးကွက်အတွင်း တစ်ဦးတည်းချုပ်ကိုင်ခွင့်ရ သော ၀န်ဆောင်မှုတစ်မျိုး ဖြစ်သည်။ လျှပ်စစ်နှင့် အခြားသော ၀န်ဆောင်မှုများ မတူညီသောအချက်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပြီးနောက် ဈေးကွက်အတွင်း အခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးရန်မလိုတော့ဘဲ တစ်ဦးတည်းချုပ်ကိုင် ခွင့်ရရှိခြင်း ဖြစ်သည်။

လျှပ်စစ်သည် မူလသဘောအားဖြင့်ပင် လူထုက တစ်မျိုး မကြိုက်ပါက တစ်မျိုးကို “ချက်ချင်း”ပြောင်းယူ သုံးစွဲနိုင်ခြင်း မရှိသည့် ၀န်ဆောင်မှု တစ်မျိုး ဖြစ်သည်။ အလွယ်ဆိုရလျှင် လူတစ်ဦးသည် တယ်လီဖုန်းလုပ်ငန်းတစ်ခု၏ ၀န်ဆောင်မှုကို ယခုမကြိုက်တော့ပါက အခြားတစ်ခုကို ချက်ချင်းပြောင်းသုံးနိုင် သော်လည်း လျှပ်စစ်မှာ ထိုသို့ မဟုတ်ပေ။

ယင်းအပြင် အစိုးရ၏ ဆက်သွယ်ရေး၊ ပုံမှန် ရုံးလုပ်ငန်း၊ လုံခြုံရေး စသည့် ၀န်ဆောင်မှု လုပ်ငန်း အရပ်ရပ်ကိုလည်း လျှပ်စစ်ဓာတ်အားအပေါ်တွင် အချိန်ပြည့်မှီခိုထားရ သည်။

ထိုကြောင့် မူဝါဒများ ချမှတ်ရာတွင် လျှပ်စစ်ကဲ့သို့သော လုပ်ငန်းကို အရေးကြီးသော မဟာဗျူဟာကျ ၀န်ဆောင်မှုလုပ်ငန်းအဖြစ် စဉ်းစားဖော်ဆောင်လေ့ရှိသည်။

ယင်းကြောင့်ပင် နိုင်ငံတည်ဆောက်ရေးတွင် အခြေခံအားဖြင့် သော်လည်းကောင်း၊ နိုင်ငံလည်ပတ်ရေးတွင် သော့ချက်အားဖြင့် သော်လည်းကောင်း အရေးပါသော လျှပ်စစ်ကို ပုဂ္ဂလိကပိုင် မပေးသင့်ကြောင်း ဆွေးနွေးငြင်းခုံမှုများရှိပြီး အကယ်၍ မဖြစ်မနေ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးပါကလည်း အစိုးရက မည်သို့သော ဗျူဟာကျ စဉ်းစားမှု၊ သဘောတူညီမှုများဖြင့် လုပ်ပိုင်ခွင့်ပြုမည်၊ မည်သို့ အချိန် ပြည့် ကြီးကြပ်မည်ကို အလေးဂရုပြုရသည်။

အချုပ်အားဖြင့် ဆိုရသော် လျှပ်စစ်ကဲ့သို့သော အထူးအရေးကြီး ၀န်ဆောင်မှု ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် အချိန်ယူ၊ အသေးစိတ်၊ ဗျူဟာကျ အဘက်ဘက်မှ စဉ်းစားနိုင်မှ အမှားနည်းမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက အစိုးရနှင့် မဲဆန္ဒရှင်များကို တစ်ချိန်လုံး ထောင်ချောက်ဆင် ပြန်ပေးဆွဲထားနိုင်သည့် ကိစ္စကြီးကို အစိုးရကိုယ်၌က မသိနားမလည်စွာ လက်ခံ ခွင့်ပြုလိုက်ရနိုင်သည်။

အယ်ဒီတာ (ဇွန် ၁၊ ၂၀၁၉)