တနင်္သာရီတိုင်းအတွင်း အခြေခံပညာကျောင်းများတွင် သင်ကြားရေးဆရာ ကိုးရာနှုန်းကျော်သာရှိ

0
1000

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာ မူလတန်းမှ အထက်တန်းအထိ သင်ကြားနေသည့် ဆရာဦးရေသည် စုစုပေါင်း ဆရာ၊ ဆရာမဦးရေ၏ ကိုးရာနှုန်းကျော်သာရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။

တိုင်းအတွင်း ဆရာ၊ ဆရာမ စုစုပေါင်း တစ်သောင်းကျော်(၁၂၉၁၇) ရှိပြီး ဆရာဦးရေမှာ တစ်ထောင်ကျော်(၁၁၆၇) သာရှိကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရ သိရသည်။ ယင်းသည် ဆရာ၊ ဆရာမ ၁၀၀ ဦးလျှင် ဆရာ ၉ ဦးသာရှိနေခြင်း ဖြစ်သည်။

ယင်းစာရင်းသည် ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ စာရင်းဖြစ်ပြီး ယခုမတ်လတွင် ဆရာ၊ ဆရာမ ရာထူးတိုး၊ ပြောင်းရွှေခြင်းများ ရှိသဖြင့် အနည်းငယ် ပြောင်းအလဲရှိနိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

“ကျောင်းဆရာအလုပ်ဆိုတာ ဝါသနာနဲ့လဲ ဆိုင်တယ်။ အမျိုးသားတွေက စာသင်တာ ဝါသနာမပါကြလို့ မလျှောက်ကြတာ ဖြစ်မယ်” ဟု ဒေါ်မိုးမိုးအေးက ဆိုသည်။

ပညာရေးဌာနအနေဖြင့်မူ ကျောင်းဆရာများ ယခုထက်ပိုမိုတာဝန်ထမ်းဆောင်သည်ကို လိုလားပြီး ဆရာလုပ်မည့် သူများကိုလည်း ကြိုဆိုကြောင်း ဒေါ်မိုးမိုးအေးက ပြောသည်။

အမျိုးသားအများစုက ကျောင်းဆရာအလုပ်ကို မရွေးချယ်ခြင်းမှာ လုပ်ခလစာ၊ ပတ်ဝန်းကျင်၊ ဝါသနာတို့နှင့်လည်း ဆက်စပ်မှု ရှိကြောင်း လောင်းလုံးမြို့နယ် ချောင်းဖျားကြီးကျေးရွာ မှုလတန်းပြဆရာ ဦးဝေယံစိုးက ပြောသည်။

“ယောက်ျားတစ်ယောက် အပြင်စီးပွားရေးလုပ်တာက ဆရာလုပ်တာထက် ပိုရတယ်လေ။ ပြီးတော့ ပတ်ဝန်းကျင် အခြေအနေအရလည်း ပါမယ်၊ မိဘက လိုလားမှု မရှိရင်လည်း မလျှောက်ကြဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပညာရေးကဏ္ဍတွင် ကျောင်းဆရာ အရေအတွက် နည်းပါးနေခြင်းကြောင့် အမျိုးသားတွေ ပိုမိုပါဝင်ကြရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်တွင်ကျင်းပသည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ဖူးသည်။

Dawei Watch