မိုးစပါးချေးငွေ ထောက်ခံချက်အတွက် အုပ်ချုပ်ရေးမှူးကို ငွေပေးရသည့်ကိစ္စ ရွာသားအချို့ဝေဖန်

0
611

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ် ချေးရန် လိုအပ်သည့် ထောက်ခံစာအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအား ၁၁၀၀ ကျပ် ပေးသွင်းရသည့်ကိစ္စကို ယင်းကျေးရွာ လယ်သမားအချို့က ဝေဖန်နေကြသည်။

ယမန်နှစ်က မိုးစပါးချေးငွေထုတ် ချေးရန်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထောက်ခံချက် လက်မှတ် ရရှိရန် လယ်သမားတစ်ဦးလျှင် ငါးရာကျပ်သာ ကောက်ခံခဲ့သော်လည်း ယခုနှစ်တွင် ၁၁၀၀ ကျပ်ကောက်ခံသဖြင့် ယင်းကဲ့သို့ ဝေဖန်နေခြင်းဖြစ်ကြောင်း လယ်သမား အချို့ကပြောသည်။

ယင်းအပြင် ယမန်နှစ်က ငါးရာကျပ် ကောက်ခံသည့်ပုံစံမှာ အလှူငွေသဘောမျိုး စေတနာရှိသူများသာ ထည့်ဝင်ခိုင်းခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ထောက်ခံချက် ယူသည့် လယ်သမားတိုင်းတွင် တောင်းခံ ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ကျွန်တော်တို့လယ်သမားတွေက တော့ မကျေနပ်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုက်တန်တဲ့ ငွေကြေးပမာဏ မဟုတ်လို့ပေါ့”ဟု အောက်ရေဖြူကျေးရွာ အုပ်စုရှိ လယ်သမားတစ်ဦးက ဆိုသည်။

မိုးစပါးချေးငွေအတွက် ငွေကြေး ကောက်ခံခြင်းမှာ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမဟုတ်ဘဲ ချေးငွေပုံစံဖြည့် သွင်းရန် အမျိုးသမီးလေးဦးကို ငါးရက်တာ ငှားရမ်းခအတွက် အသုံးပြုခြင်း၊ စာရွက် စာတမ်းများ မိတ္တူကူးခြင်းနှင့် ခရီးစရိတ် များတွင် အသုံးပြုခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောသည်။

“စိုက်ပျိုးစရိတ်ချေးငွေအတွက် လည်း ရွာမှာ ဘာတွေသုံးဖို့ ဒီလောက် ကောက်မယ်ဆိုတာတိုင်ပင်ပြီးမှကောက် တာ။ ဘယ်သူ့ဆီမှာမှ သူတို့ပြောသလိုမျိုး ကောက်ခံပြီးလုပ်နေတာ တစ်ခုမှမရှိဘူး” ဟု ၎င်းက ဆိုသည်။

ရေဖြူကျေးရွာအုပ်စုတွင် မိုးစပါး ချေးငွေထုတ်ချေးသူ လယ်သမား သုံးရာကျော်ရှိကြောင်း ယင်းရွာသားများနှင့် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Dawei Watch