ခရီးသွားဇုန်ကြေးကောက်ခံမှု လေးလအတွင်း ကျပ်သိန်း ၁၄၀၀ ကျော်ရ

0
544

တနင်္သာရီတိုင်းအတွင်း နိုင်ငံခြားသား ခရီးသွားများထံမှ ဇုန်ဝင်ကြေးကို စမ်းသပ်ကောက်ခံလျက်ရှိရာ လေးလတာကာလအတွင်း ကျပ်သိန်း ၁၄၀၀ ကျော်ရရှိခဲ့ ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ ခရီး)ထံမှ သိရသည်။

တိုင်းအတွင်းပင်လယ်ပြင်ရှိ ကျွန်း များသို့ နေ့ချင်းပြန်သွားရောက်လည်ပတ် မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင် ကြေး ကျပ်ငါးထောင်နှုန်းကို ယခုနှစ် ဇန်န၀ါရီလ ၂၀ ရက်တွင် စတင်ကောက်ခံခဲ့ ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။

ဇုန်ကြေးကောက်ခံရရှိသည့် ငွေကြေး မှာ တိုင်းဒေသကြီး ဘတ်ဂျက်သို့ ၀င်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကောက်ခံရရှိသည့် ဇုန်ကြေးများကို ခရီးသွားဈေးကွက်မြှင့်တင်ရေး၊ ဆိပ်ခံ တံတားကဲ့သို့သော ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အအုံများ အစရှိသည့် လိုအပ်ချက်ရှိသည့် နေရာများတွင် ပြန်လည် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သက်ဆိုင်ရာ ခရိုင်အလိုက်တွက် ချက်၊ အဲဒါတင်ပြီးတော့ ဘတ်ဂျက်အလိုက် သုံးစွဲနိုင်အောင် ကြိုးစားသွားမယ်”ဟု ဦးညိုအေးက ဆိုသည်။

အခြေခံအဆောက်အအုံများ ကောင်း မွန်ခြင်းမရှိပါက ခရီးသွားလုပ်ငန်းတိုးတက် လာမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ခရီးသွားဇုန်ကြေး ကောက်ခံခြင်းကို ထားဝယ်ခရိုင်တွင် စမ်းလှမ်းကျေးရွာ၊ မြိတ်တွင် ဆိပ်ငယ်ဘောတံတားနှင့် ကော့သောင်းရှိ မြို့မဘောတံတားတို့တွင် ကောက်ခံနေကြောင်း တိုင်းဒေသကြီး ဟိုတယ်/ခရီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် တိုင်းအတွင်းသို့ နိုင်ငံခြားသားခရီးသွား သုံးသိန်းခွဲကျော် ၀င်ရောက်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဟိုတယ်/ခရီးရုံးထံမှ သိရသည်။

ကိုဇော်